Connect with us

INTERNATIONAL ORGANIZATION

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတွင် မရှိမဖြစ် လိုအပ်သည့် ဆေးဝါးများ ပြတ်လပ်မှုမရှိ ဟု WHO ပြောကြား 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပုံမှန်သတင်းစာရှင်းလင်းပွဲအား မတ် ၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပ ပြုလုပ်စဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၇ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါကြောင့် ကမ္ဘာ့ဆေးဝါးထုတ်လုပ်မှုတွင် သက်ရောက်မှုရှိနိုင်သော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ မရှိမဖြစ်လိုအပ်သည့်ဆေးဝါးများ၏ပံ့ပိုးမှုသည် အပူတပြင်း လိုအပ်နေသည့် အနေအထားမျိုးတွင် မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

COVID-19 ရောဂါအခြေအနေကြာင့် ကမ္ဘာ့ဆေးဝါးပစ္စည်း ထောက်ပံ့ပေးခြင်း ပြတ်လပ်မှု အန္တရာယ် ကို အမြဲစောင့်ကြည့်လျက်ရှိကြောင်း ၊ အများသိကြသည့်အတိုင်း တစ်ကမ္ဘာလုံးရှိ ဆေးဝါး ထုတ်လုပ်မှု လုပ်ငန်းများ၌ ဆေးဝါးထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်း(API)များနှင့် ကြားခံပစ္စည်းများ သည် တရုတ်နိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်သော်လည်း လက်ရှိနေအထားတွင် အရေးတကြီး လိုအပ်နေ သည့် ဆေးဝါးမျိုး ရှိသည်ကို မတွေ့ရှိရသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ဆေးဝါးထုတ်လုပ်သည့် စက်ရုံလုပ်ငန်းများသည် အခြားအစားထိုးကုန်ကြမ်းအရင်းအမြစ်ရှိ၍ သော်လည်းကောင်း၊ သိုလှောင်ထားသည့် ကုန်ပစ္စည်းရှိ၍သော်လည်းကောင်း ရှိမည်ဖြစ်ကြောင်း ၊ စိန်ခေါ်မှုအချို့ရှိသော်လည်း တရုတ်နိုင်ငံ၏ ဒေသအများစုတွင် ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း Tedros Adhanom Ghebreyesus ကဆိုသည်။  

လက်ရှိတွင် WHO အနေဖြင့်  လုပ်ငန်းကော်မတီ၊ စီမံစောင့်ကြည့်ရေးဌာန ၊ အခြားမိတ်ဖက်များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ကာ  တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆေးဝါးပြတ်လပ်မှု အန္တရာယ် ကို စောင့်ကြည့်လျက်ရှိရာ  အဓိကအားဖြင့် ကျန်းမာရေးအခြေခံစောင့်ရှောက်မှုဆေးဝါးပစ္စည်းများ နှင့် ရုတ်တရက်ဖြစ်ပွားသည့် ကျန်းမာရေးကိစ္စအတွက် အရေးကြီးလိုအပ်သည့် မရှိမဖြစ်ဆေးဝါးများ ဖြစ်သည့် ပဋိဇီဝဆေးများ၊ အကိုက်အခဲပျောက်ဆေးနှင့် ဆီးချို ၊ သွေးတိုး၊ HIV၊ တီဘီ၊ ငှက်ဖျား ရောဂါ စသည့် ကုသဆေးဝါးများ ပါဝင်ကြောင်း Adhanom Ghebreyesus က ပြောကြားခဲ့သည်။ 

ထို့အပြင်  WHOက နိုင်ငံအသီးသီး၏ COVID-19ရောဂါလူနာ စီမံခန့်ခွဲမှုအခြေအနေအရ ၎င်းတို့အတွက် အသက်ရှုအထောက်အကူပြုစက်ပစ္စည်း၊ အောက်စီဂျင်ထောက်ပံ့ရေးစနစ် စသည်တို့အပါအဝင် အရေးကြီးဆေးကုသရေး သုံးစက်ပစ္စည်း ၂၀ ကျော် ပါဝင်သည့် စာရင်းအား ပြုလုပ်ထားကြောင်း သိရသည်။ နိုင်ငံအများစုတွင် ဆက်စပ်စက်ပစ္စည်းများ လိုအပ်သည့်အခြေအနေရှိကြောင်းနှင့် ရောဂါထိန်းချုပ်ရေး အခြေအနေအရ ပို၍ လိုအပ်မှုများ ရှိလာနိုင်ကြောင်း Adhanom Ghebreyesus က ဆိုသည်။ တစ်ကိုယ်ရေ ရောဂါအကာအကွယ်ပစ္စည်းများနှင့် ဆက်စပ် ဆေးကုသရေး သုံးစက်ပစ္စည်းများ၏ ပံ့ပိုးမှု အာမခံချက်ရှိစေနိုင်ရန် နိုင်ငံတိုင်းက WHO၏ အကြုံပြုချက်အရ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ပစ္စည်းများကို အသေးစိတ် ခန့်မှန်းထားကြရန်  ၎င်းက တိုက်တွန်းထား ကြောင်း သိရသည်။ (Xinhua)