Connect with us

INTERNATIONAL ORGANIZATION

COVID-19 ကပ်ရောဂါ ဖြေရှင်းရေး နိုင်ငံတကာ ရန်ပုံငွေစုဆောင်းမှုဆိုင်ရာ အစည်းအဝေးသို့ ဥရောပသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးပါဝင်တက်ရောက်ဆွေးနွေး

မေ ၄ရက်က ကျင်းပသော COVID-19 ကပ်ရောဂါ ဖြေရှင်းရေး နိုင်ငံတကာ ရန်ပုံငွေစုဆောင်းမှုဆိုင်ရာ ဗွီဒီယို အစည်းအဝေးသို့ ဥရောပသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းမင် ပါဝင်တက်ရောက်ဆွေးနွေးစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊မေ ၅ ရက်(ဆင်ဟွာ)

ဥရောပသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းမင်သည် မေ ၄ ရက်က တရုတ်နိုင်ငံ အစိုးရကိုယ်စားလှယ်အနေဖြင့် COVID-19 ကပ်ရောဂါ ဖြေရှင်းရေး နိုင်ငံတကာ ရန်ပုံငွေစုဆောင်းမှုဆိုင်ရာ ဗွီဒီယို အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 

ကျန်းမင်က ကပ်ရောဂါဘေးအန္တရာယ်ကျရောက်သည့်အခါ မဆိုင်သလို လက်ပိုက်ဘေးထိုင်ကြည့်နိုင်သူမရှိဘဲ ကမ္ဘာ့နိုင်ငံအားလုံးသည် ကံကြမ္မာတူအကျိုးတူ အသိုက်အဝန်းသာဖြစ်ကြောင်း  ပြောကြားခဲ့သည်။ COVID-19 ကပ်ရောဂါဖြေရှင်းရေးဆိုင်ရာ G20အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် သမ္မတရှီကျင့်ဖိန်က နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ခိုင်မာသောယုံကြည်ချက်ဖြင့် စည်လုံးညီညွတ်စွာ ရင်ဆိုင်ဖြေရှင်းကြရန် ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံတိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သလို  ကမ္ဘာ့ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အားသစ်လောင်းနိုင်ရန် အစည်းအဝေးသို့ တက်ရောက်ခဲ့သော  G20အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များနှင့်အတူ တစ်လှေတည်းစီးတစ်ခရီးတည်းသွားကာ ကပ်ရောဂါဘေးကို လက်တွဲဖြေရှင်းရန် လေးနက်စွာကတိပြုပြောကြားခဲ့ကြောင်း ၊ မကြာသေးမီ ရက်များတွင် ဝန်ကြီးချုပ် လီခဲ့ချန်က ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယင်(Ursula von der Leyen)နှင့်ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးပြောကြားစဉ်တွင်လည်း  ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ၏အဆိုပြုချက်အရ အစည်းအဝေးကျင်းပရန် ကြီးမှူးဆောင်ရွက်သည့်အတွက် တရုတ်နိုင်ငံက တန်ဖိုးထားချီးကျူးပါကြောင်းနှင့် အားပေးထောက်ခံမှုများကို တက်ကြွစွာ ဆောင်ရွက်လိုသည်ဟု ပြောကြားခဲ့ကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန်ယူတာဝန်ထမ်းဆောင်သည့် အဖွဲ့ဝင်အနေဖြင့် မိမိနိုင်ငံ၌ ကပ်ရောဂါကာကွယ်ရေးတာဝန် ကြမ်းတမ်းခက်ခဲမှုများရှိနေသော်လည်း လိုအပ်သည့်နိုင်ငံများကို တတ်နိုင်သလောက်အစွမ်းကုန် ကူညီထောက်ပံ့ဆောင်ရွက်ပေးနေဆဲဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု သီးသန့်ရန်ပုံငွေတည်ထောင်ထားပြီး နိုင်ငံနှင့်နိုင်ငံတကာအဖွဲ့အစည်း ၁၅၀ ကျော် အား အရေးပေါ်လိုအပ်နေသည့် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို ပေးအပ်ကူညီပြီးဖြစ်ကြောင်း၊  ထိုသို့ လှူဒါန်းရာတွင် ဒေသခံအစိုးရ၊ ပရဟိတအဖွဲ့အစည်းများ၊ ပြည်သူများ၊ ကုန်သည်လုပ်ငန်းရှင်များကလည်း တစ်တပ်တစ်အား ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါဖြေရှင်းရေး သိပ္ပံသုတေသနလုပ်ငန်းများ အားဖြည့်လုပ်ဆောင်ရန်အတွက် ကပ်ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံနှင့်ကုသမှုနည်းလမ်းများကို မချန်မလှပ်မျှဝေပေးခဲ့ကြောင်း၊ နိုင်ငံအားလုံးအတွက်လည်း ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အွန်လိုင်းစင်တာ ဖွင့်လှစ်ပေးထားသလို နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၆၀ ကျော်နှင့် ဆွေးနွေးဖလှယ်မှုဆိုင်ရာ ဗွီဒီယိုအစည်းအဝေး ၁၂၀ ကျော်ပြုလုပ်ပြီးဖြစ်ကာ နိုင်ငံပေါင်း ၁၇ နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ ၁၉ ဖွဲ့ စေလွှတ်ခဲ့ကြောင်း ကျန်းမင်က ပြောကြားခဲ့သည်။ 

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေး ညှိနှိုင်းဆောင်ရွက်မှုများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် ယခင်ကဲ့သို့ပင် မပြောင်းမလဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ၊ ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သီးသန့်ရန်ပုံငွေကို ထပ်မံတိုးချဲ့ကာ ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တစ်ကမ္ဘာလုံးပူးပေါင်းဆောင်ရွက်မှုဖြင့် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းသစ်များ ထုတ်လုပ်ရေး၊ မျှတစွာ ရယူနိုင်ရေး အစီအစဉ်တွင် တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ CEPI ၊ GAVI စသည့် အဖွဲ့အစည်းများနှင့် သိပ္ပံသုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားကာ ကပ်ရောဂါ တိုက်ဖျက်ရေး သံမဏိတံတိုင်းကြီးကို အတူတကွတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးတွင် အားနည်းလစ်ဟာသည့်နေရာမဖြစ်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရောဂါဖြစ်ပွားမှုအခြေအနေနှင့် နိုင်ငံအချို့၏လိုအပ်ချက်နှင့်ဆောင်ရွက်လိုမှုများအရ ပြည်သူ့ကျန်းမာရေးစနစ် အားအကောင်းလာစေရန် ကူညီဆောင်ရွက်ခဲ့ကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အတူလက်တွဲကာ ဖွံ့ဖြိုးဆဲနိုင်ငံများကို ပံ့ပိုးကူညီအားပေးမှုများ တိုးချဲ့ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါတိုက်ဖျက်ရေးတွင် ယုံကြည်ချက်နှင့်စည်းလုံးညီညွတ်မှုသည် ရွှေထက်ပို၍အဖိုးတန်ကြောင်း ၊ ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့်တာဝန်လွှဲခေါင်းရှောင်ခြင်းသည် ဗိုင်းရပ်စ်ရောဂါပိုးထက်ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ လက်ရှိအခက်အခဲအကြပ်အတည်းကို ကြိုးပမ်းဖြေရှင်းဆောင်ရွက်မှသာ နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်မှု စစ်ဆင်ရေးကို ဘက်စုံအောင်မြင်အောင် မုချလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ကျန်းမင်က ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဆိုပြုချက်ကို ထောက်ခံအားပေးပါဝင်ဆောင်ရွက်သည့်အနေဖြင့် COVID-19 ရောဂါကုသရေးနှင့်ကာကွယ်ဆေး သုတေသနပြုထုတ်လုပ်ရေးကို တွန်းအားပေးဆောင်ရွက်ရန် ဥရောပသမဂ္ဂနှင့် သက်ဆိုင်ရာနိုင်ငံများက ယခု ရန်ပုံငွေစုဆောင်ရေးဆိုင်ရာ အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံပေါင်း ၄၂ နိုင်ငံမှ နိုင်ငံခေါင်းဆောင်များနှင့်အစိုးရအဆင့်မြင့်အရာရှိကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်တို့လည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်းသိရသည်။  (Xinhua)