Connect with us

INTERNATIONAL ORGANIZATION

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က တရုတ် နိုင်ငံ ဝူဟန့်မြို့ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မှု ကို ကျေးဇူးတင်ကြောင်း ပြောကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကျန်းမာရေးဆိုင်ရာ အရေးပေါ် စီမံကိန်း နည်းပညာဆိုင်ရာ တာဝန်ခံ Maria Van Kerkhove အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ မေ ၂ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကျန်းမာရေးဆိုင်ရာ အရေးပေါ် စီမံကိန်း နည်းပညာဆိုင်ရာ တာဝန်ခံ Maria Van Kerkhove က ဝူဟန့် မြို့ ပြည်သူလူထု တို့ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မှု ကို ကျေးဇူးတင်လိုပြီး မိမိ တို့ အနေဖြင့် ဆက်လက်၍ ဝူဟန့် မြို့ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့ အကြုံများကို သင်ယူသွားရမည် ဖြစ်ကြောင်း မေလ ၁ ရက် ၌ ပြောကြား ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲ တွင် လက်ရှိချိန် ၌ ဝူဟန့်မြို့ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ လုံးဝ မရှိတော့ခြင်း နှင့် ပတ်သက်၍ သဘောထား အမြင်အား ဆင်ဟွာသတင်းဌာန မှ မေးမြန်းရာ တွင် Kerkhove က မိမိ အနေဖြင့် ဦးစွာ ဝူဟန့်မြို့ မှ ယင်းကဲ့သို့ အောင်မြင်မှု ရရှိခဲ့သည့် အပေါ် ဂုဏ်ပြု လိုကြောင်း ၊ မိမိတို့ အနေဖြင့်လည်း ယင်းအပေါ် လေးစားမိကြောင်း ၊ မိမိ အနေဖြင့် ဝူဟန့်မြို့ ရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအပြင် ကာလရှည်ကြာစွာ စည်းကမ်းလိုက်နာပြီး အိမ်အတွင်း နေထိုင်သူများ အားလုံး ကိုလည်း ကျေးဇူးတင်လိုကြောင်း ပြောကြား ခဲ့သည်။

Kerkhove အနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလ တွင် တရုတ် နိုင်ငံ သို့ သွားရောက်ပြီး ရက်ပေါင်း ၉ ရက်ကြာ လက်တွေ့လေ့လာစစ်ဆေးမှုများ သွားရောက်ဆောင်ရွက်ခဲ့သည်။ သူမ က တရုတ် နိုင်ငံ အနေဖြင့် ခက်ခဲစွာ ကြိုးပမ်းဆောင်ရွက်၍ ကပ်ရောဂါ အား ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ကပ်ရောဂါ ပြန်လည် မပြန့်ပွားလာရန် သတိထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Kerkhove က ကမ္ဘာ့နိုင်ငံအသီးသီး အနေဖြင့် တရုတ် နိုင်ငံ နှင့် အခြား ကပ်ရောဂါ တိုက်ဖျက်နေသည့် နိုင်ငံများ မှ များစွာ သင်ယူလေ့လာနိုင်ခဲ့ကြောင်း ၊ ဝူဟန့်မြို့ သည် တစ်ချိန် က ကပ်ရောဂါ ဆိုးရွားစွာ ဖြစ်ပွားသည့် ဒေသ ဖြစ်ခဲ့သော်လည်း ယခုချိန်တွင် မိမိ တို့အနေဖြင့် ဝူဟန့်မြို့ မှ လေ့လာသင်ယူရမည် ဖြစ်ကြောင်း ၊ ဝူဟန့်မြို့ ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု မည်သို့ ဖြေလျှော့ပုံ နှင့် ကပ်ရောဂါထိန်းချုပ်မှုအောက် တွင် မည်ကဲ့သို့ လူမှုစီးပွားလှုပ်ရှားမှု များကို ပြန်လည် စတင်ပုံ ကို လေ့လာသင်ယူသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)