Connect with us

INTERNATIONAL ORGANIZATION

COVID-19 ရောဂါ ကာကွယ်ဆေး ၊ ကုသရေး နှင့် စမ်းသပ်စစ်ဆေးရေးတွင် တွန်းအားပေးရန် ဒေါ်လာ ၁ ဘီလီယံနီးပါး ထည့်ဝင်ကြခြင်းအပေါ် ကုလသမဂ္ဂကြိုဆို

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ဗီဒီယိုလင့်မှတဆင့် စက်တင်ဘာ ၂၅ ရက်က ဆွေးနွေးနေစဉ်(ဆင်ဟွာ)

 

ကုလသမဂ္ဂ ၊အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် နိုင်ငံတကာမိတ်ဖက်များက COVID-19 ရောဂါ ဆိုင်ရာ အရှိန်မြှင့်တင်ရေး(ACT) လှုပ်ရှားဆောင်ရွက်မှုသည် သက်ဆိုင်ရာအစိုးရများ ၊ ပုဂ္ဂလိကကဏ္ဍများ ၊ အရပ်ဖက်အဖွဲ့အစည်းများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် “ စည်းလုံးညီညွတ်မှုကိုဖော်ပြသည့် အရှိန်အဟုန်တစ်ခု” အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ နှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများက စက်တင်ဘာ ၃၀ ရက်တွင် ကြိုဆိုလိုက်ကြောင်း သိရသည်။

ယင်းလှုပ်ရှားဆောင်ရွက်မှုတွင် ငွေကြေးထည့်ဝင်မှုအသစ်အနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး ဝိုင်းဝန်းထည့်ဝင်ရန် ကတိပြုခဲ့ကြပြီး COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုအား အဆုံးသတ်ကုစားနိုင်ရန် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နိုင်ငံစုံဘက်ပေါင်းစုံ ပါဝင်လှုပ်ရှားဆောင်ရွက်မှုကြီးဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနမှ လက်ခံရရှိသော ထုတ်ချက်ပြန်တစ်စောင်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၊ ဥရောပကော်မရှင် ၊ ပြင်သစ် နှင့်  Bill & Melinda Gates ဖောင်ဒေးရှင်းတို့ ပူပေါင်း၍ လုပ်ဆောင်သည့် ACT- အရှိန်မြှင့်တင်ခြင်း လှုပ်ရှားဆောင်ရွက်မှုကို လွန်ခဲ့သော ငါးလခန့်က အစပြုခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေး ၂ ဘီလီယံ ထုတ်လုပ်ရန် ၊ ကုသဆေး ၂၄၅ သန်း ထုတ်လုပ်ရန် နှင့် ရောဂါစစ်ဆေးမှု ကိရိယာ သန်း ၅၀၀ ထုတ်လုပ်ရန် ဖြစ်သော ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ပြည့်မီရေးအတွက် ဖြည့်စွက်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ လိုအပ်လျက်ရှိကြောင်း  သိရသည်။ အဆိုပါ ငွေကြေးထည့်ဝင်မှု ကတိကဝတ်သစ်အပေါ် ကုလသမဂ္ဂက ကြိုဆိုခဲ့ပြီး ACT- အရှိန်မြှင့်တင်ခြင်းလှုပ်ရှားဆောင်ရွက်မှု၏ မြေပြင်အထိ လုပ်ဆောင်ချက်များကို ဆက်လက်တွန်းအားပေး ဆောင်ရွက်နိုင်ရန် ရှေ့ဆက် ရန်ပုံငွေရရှိရေးအတွက် အစပျိုးမှုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သုတေသန နှင့် ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း  ၊ ဆေးဝါးထုတ်လုပ်ခြင်း ၊ ပစ္စည်းရရှိခြင်း နှင့် ဖြန့်ဖြူးခြင်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုအား အမြန်ဆုံးထောက်ပံ့ပေးနိုင်ရန် ACTအနေဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကို ယခုနှစ်ကုန်ပိုင်းတွင် မဖြစ်မနေ ချက်ချင်း အလျင်စလို လိုအပ်လျက်ရှိကြောင်း သိရသည်။

ACT-အရှိန်မြှင့်တင်လှုပ်ရှားဆောင်ရွက်မှု အတွက် ချက်ချင်းထောက်ပံ့မှုရရှိနိုင်ရန် ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆင့်မြင့်ကိုယ်စားလှယ်အဆင့် အစည်းအဝေးတစ်ခုတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “ ကျွန်ုပ်တို့၏ဘဝတစ်သက်တာတွင် ဘယ်သောအခါမှမကြုံစဖူးသော လူသားတို့၏အကျပ်အတည်းတစ်ခုကို ဖြေရှင်းရန်အတွက် နိုင်ငံတကာအဖွဲ့ကြီး၏ အလွန်ထူးကဲသော ကြိုးပမ်းအားထုတ်မှုကြီးပါပဲ” ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိမှတ်ကျောက်တင်သော တိုးတက်မှုကို ရှေ့ဆက် နက်နက်ရှိုင်းရှိုင်းဆောင်ရွက်ရန် ပို၍ ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးကောင်းမွန်အောင် ကာကွယ်ဆေးတစ်ခုကို ထောက်ပံ့ပေးဖို့နဲ့ နိုင်ငံတိုင်းဟာ သူ့နိုင်ငံသား နဲ့ သူ့စီးပွားရေး အတွက် ရောဂါစစ်ဆေးစမ်းသပ်မှုနဲ့ ကုသမှုကို ပမာဏကြီးမားစွာနဲ့ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်းကို အတွဲညီညီလုပ်ဆောင်ကြရမှာပါ ဖြစ်ပါတယ်၊ ဘယ်နေရာမှာ နေထိုင်တဲ့ ဘယ်လူသားတစ်ဦးမဆို ကာကွယ်ဆေးတစ်ခုကို ရရှိနိုင်ရမှာဖြစ်ပြီး လက်လှမ်းမီရမှာလည်းဖြစ်ပါတယ်” ဟု ကုလသဂ္ဂအကြီးအကဲက ဖြည့်စွက်ပြောကြားခဲ့သည်။

“ ACT – လှုပ်ရှားမှုမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံ့ခြင်းဟာ နိုင်ငံတွေအနေနဲ့ မိမိကိုယ့်ကို ပြန်လည် နလံထူဖို့ အရှိန်ယူခြင်းလည်း ဖြစ်စေမှာပါ” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးကို ဗြိိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ၊ တောင်အာဖရိကကျန်းမာရေးဝန်ကြီး Zweli Mkhize နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြာရေးမှူးချုပ် Tedros Adhanom Ghebreyesus တို့က ပူးတွဲ သဘာပတိအဖြစ် ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)