Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ဦးရေ နှစ်သောင်းကျော် ရှိလာ

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းချသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁,၂၅၂ ဦး တွေ့ရှိခဲ့ပြီးနောက် အတည်ပြုလူနာ ဦးရေမှာ စုစုပေါင်း ၂၀,၀၃၃ ဦး ရှိလာကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ညပိုင်း ထုတ်ပြန်မှုအရ သိရသည်။

COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀,၀၇၄ ခု အား အောက်တိုဘာ ၅ ရက် ည ၈ နာရီမှ အောက်တိုဘာ ၆ ရက် ည ၈ နာရီအတွင်း စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁,၂၅၂ ဦး တွေ့ရှိခဲ့ပြီး Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများ နှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီး အဆိုပါ စစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း သေဆုံးလူနာ ၂၇ ဦး ရှိခဲ့သဖြင့် သေဆုံးလူနာ စုစုပေါင်း ၄၇၁ ဦး ရှိလာခဲ့ကြောင်း သိရသည်။
ထို့အတူ ၂၄ နာရီအတွင်း ဆေးရုံဆင်းခွင့် ရရှိသူ ၂၃၄ ဦး ရှိခဲ့သဖြင့် ယခုအထိ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၅,၇၈၂ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၌ ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၄၂,၉၄၉ ခု စစ်ဆေးခဲ့ပြီးနောက် အတည်ပြုလူနာ စုစုပေါင်း ၂၀,၀၃၃ ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက COVID-19 ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးနှင့် အထိရောက်ဆုံး လျှော့ချနိုင်ရန်အတွက် ပြည်သူများ နိုင်ငံသားကောင်းပီသစွာဖြင့် အနည်းဆုံး မဖြစ်မနေ လုပ်ရမည့် အချက်တစ်ချက်မှာ နေအိမ်ပြင်ပသို့ ထွက်သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း ( Mask ) ကို မပျက်မကွက် စနစ်တကျ အမြဲတပ်ဆင်ပါဟု ပြောကြားထားသည်။ (Xinhua)