Connect with us

MYANMAR

COVID-19 လူနာသစ် ၁,၁၅၅ ဦး စစ်ဆေးတွေ့ရှိ ၊ ပိုးတွေ့ရှိမှု ၄ ဒသမ ၈ ရာခိုင်နှုန်းရှိ

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် 

၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၅၅ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ဒီဇင်ဘာ ၁၅ ရက်တွင် ၄ ဒသမ ၈ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

COVID-19 ဓာတ်ခွဲနမူနာ ၂၃,၈၇၄ ခုအား ဒီဇင်ဘာ ၁၄ ရက် ည ၈ နာရီအချိန်မှ ဒီဇင်ဘာ ၁၅ ရက် ည ၈ နာရီအချိန်ထိ စစ်ဆေးခဲ့ပြီး လူနာသစ် ၁,၁၅၅ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ၂၄ နာရီအတွင်း ဆေးရုံဆင်းခွင့် ရရှိသူ ၁,၂၈၇ ဦး နှင့် သေဆုံးလူနာ ၂၇ ဦး ရှိကြောင်း သိရသည်။

COVID-19 စမ်းသပ်တွေ့ရှိရမှုနှုန်းသည် ဓာတ်ခွဲစစ်ဆေးသည့် အရေအတွက်ပေါ်၌လည်း မူတည်နေကြောင်း ၊ ဒီဇင်ဘာ ၆ ရက်မှ ၁၅ ရက်အထိ နေ့စဉ် စစ်ဆေးသော ဓာတ်ခွဲနမူနာ အရေအတွက်မှာ အနည်းဆုံး ၁၈,၅၄၁ ခုမှ အများဆုံး ၂၄,၀၉၉ ခုအထိ ဖြစ်ပြီး ပျှမ်းမျှ အရေအတွက်မှာ ၂၁,၀၉၂ ခု ဖြစ်ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ယခုထက် ပိုမိုတိကျစွာ လိုက်နာဆောင်ရွက်ကြမှသာလျှင် ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယခုထိ နိုင်ငံအတွင်း COVID-19 ဓာတ်ခွဲနမူနာပေါင်း ၁,၄၈၀,၇၄၀ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၁၁၀,၆၆၇ ဦး တွေ့ရှိကာ ဆေးရုံဆင်းခွင့် ရရှိသူ ၈၉,၄၁၈ ဦး နှင့် သေဆုံးလူနာ ၂,၃၁၉ ဦး အသီးသီး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)