Connect with us

WORLD

ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က  ပြည်ဝင်ခွင့် ကန့်သတ်ချက်များကို ဇူလိုင် ၁ ရက်မှစ၍ ဖြေလျှော့သွားမည် 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်အား ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ ဇွန် ၃၀ ရက်(ဆင်ဟွာ)

လေကြောင်းလိုင်းများ ပြည်ဝင်ခွင့် ကန့်သတ်ချက်ကို ဇူလိုင် ၁ ရက်နေ့မှစ၍ဖြေလျှော့ပေးသွားမည်ဖြစ်ပြီး ခရီးသည် ၁၁ မျိုး တင်ဆောင်လာသည့်လေယာဉ်များကို ပြည်ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT)က ဇွန် ၂၉ ရက် ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ အဆိုပါ ခရီးသည်အမျိုးအစား ၁၁မျိုးထဲတွင် ထိုင်းနိုင်ငံအစိုးရ အနေဖြင့် ယင်းကာလမတိုင်မီက ကြေညာထားသည့် ဇူလိုင် ၁ ရက်တွင် ပြည်ဝင်ခွင့်ပြုမည့် နိုင်ငံခြားသားခရီးသည် ၆ မျိုးဖြစ်ပါဝင်ကြောင်း သိရသည်။ ခွင့်ပြုချက်ရရှိမည့် နိုင်ငံခြားသား ခရီးသည်များမှာ  အလုပ်လုပ်ကိုင်ခွင့်ရရှိထားသူနှင့်၎င်း၏ဇနီး၊သားသမီးများ၊ ထိုင်းနိုင်ငံသား အိမ်ထောင်ဖက်ရှိသူ ၊ အမြဲတမ်းနေထိုင်ခွင့်ရှိသူ၊ ပညာတော်သင်ကျောင်းသားနှင့်၎င်း၏မိဘများ၊ ထိုင်းနိုင်ငံတွင်ဆေးကုသမှုခံယူရန် လာရောက်သူ၊ ထိုင်းနိုင်ငံအစိုးရနှင့် အထူးနှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုထားသည့်နိုင်ငံနှင့်ဒေသများမှ စီးပွားရေးလုပ်ကိုင်သူနှင့် ကျွမ်းကျင်နည်းပညာရှင်တို့ဖြစ်ကြောင်းသိရသည်။ ထိုင်းနိုင်ငံနှင့် အထူးနှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုထားသော နိုင်ငံနှင့်ဒေသများမှာ ဂျပန်၊ စင်ကာပူ၊ တောင်ကိုရီးယား ၊ တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံသား၊ ထိုင်းနိုင်ငံအစိုးရမှ အထူးအခြေအနေအရ ဖိတ်ခေါ်ထားသည့် ပြည်ပနိုင်ငံခြားသား၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ထမ်း၊ လေယာဉ်အမှုထမ်းနှင့် သံတမန်ရေးရာဝန်ထမ်းများသည် ယခင်ကာလနှင့်အလားတူ  ပြည်ဝင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT)သည် စီးပွားဖြစ်လေယာဉ်ခရီးစဉ်များကို  ဧပြီ ၄ ရက်မှစ၍ပြည်ဝင်ခွင့် တားမြစ်ခဲ့ရာ နောက်ပိုင်းတွင် ပျံသန်းသွားလာခွင့်ကန့်သတ်ချက်ကို ဇွန် ၃၀ ရက်အထိ ၄ ကြိမ် သက်တမ်းတိုးခဲ့ကြောင်း သိရသည်။ဇွန် ၂၉ ရက်အထိ ထိုင်းနိုင်ငံတွင် ၃၅ ရက်ဆက်တိုက် COVID-19အသစ်ထပ်တိုးလူနာမတွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)