Connect with us

WORLD

နယူးဇီလန်နိုင်ငံ ကျန်းမာရေးဝန်ကြီး တာဝန်ပျက်ကွက်ကြောင်း ဝေဖန်ခံနေရစဉ် ရာထူးမှနုတ်ထွက်

နယူးဇီလန်နိုင်ငံ ဝယ်လ်လင်တန်မြို့ လွှတ်တော်အဆောက်အအုံရှိ လူသူကင်းမဲ့နေသော ရင်ပြင်အား မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝယ်လ်လင်တန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေးဗစ်ကလက် (David Clark) က ၎င်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအဖြစ်မှ နုတ်ထွက်ရန် ဆုံးဖြတ်ကြောင်း ယနေ့ (ဇူလိုင် ၂ ရက်) တွင် ကြေညာလိုက်သည်။

နယူးဇီလန်နိုင်ငံတွင် COVID-19 အသွားအလာကန့်သတ်မှု (Lockdown) သတ်မှတ်ထားချိန် နှင့် သတ်မှတ်ကာလနောက်ပိုင်းချိန်များတွင် ကလက်၏ တာဝန်ပျက်ကွက်မှုအပေါ် ပြည်သူများဝေဖန်ပြစ်တင်မှု ဖြစ်ပွားနေစဉ် ယခုကဲ့သို့ ရာထူးမှ နုတ်ထွက်ကြောင်း ရုတ်တရက်ကြေညာချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ 

ကလက်သည် Palmerston North မြို့တွင် ပြုလုပ်မည့်  ကင်ဆာအဆောက်အအုံသစ် ဖွင့်ပွဲသို့သွားရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးရန် စီစဉ်ထားသော်လည်း ဇူလိုင် ၂ ရက် နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ၌ အံ့အားသင့်ဖွယ် ရာထူးမှနုတ်ထွက်ကြောင်း ကြေညာချက်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

၎င်း၏ နုတ်ထွက်မှုကို ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်က လက်ခံခဲ့သည်။ ကလက်သည် လွှတ်တော်တွင် အမတ်တစ်ဦးအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း နှင့်  စက်တင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ပါဝင်အရွေးခံမည် ဖြစ်ကြောင်း သိရသည်။

ကလက်သည် COVID-19 ရောဂါ ပျံ့နှံ့မှုကို ကာကွယ်ရန် နိုင်ငံအတွင်း ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များအား ၁၄ ရက်ကြာ သီးခြားထားရှိသော သီးသန့်အဆောက်အအုံများ စီမံခန့်ခွဲမှုအပိုင်းတွင် အားနည်းချက်များရှိနေကြောင်း  ပြစ်တင်ဝေဖန်ခံနေရသူဖြစ်သည်။ 

COVID-19 ရှိသူ နှစ်ဦးအား ရောဂါနမူနာစစ်ဆေးခြင်းမပြုဘဲ အဆိုပါ သီးသန့်စင်တာမှ သတ်မှတ်ချိန်ထက် စော၍ ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်းသည် Lockdown စည်းမျဉ်းကို ချိုးဖောက်ကာ မိသားစုနှင့် အတူ ကမ်းခြေသို့ သွားရောက်ခဲ့သဖြင့် ပြင်းထန်စွာ ဝေဖန်ခံနေရသူလည်း ဖြစ်သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.