Connect with us

WORLD

ကမ္ဘာ့ကပ်ရောဂါအခြေအနေ အကျဉ်းချုပ်ဖော်ပြချက် ၊ ဂျပန်နိုင်ငံတွင် COVID-19 အသစ်ထပ်တိုးလူနာ ၂၆၂ ဦးရှိ ၊ ရုရှားနိုင်ငံတွင် သေဆုံးသူ စုစုပေါင်း ၁ သောင်းကျော်ရှိလာ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် COVID-19ရောဂါ စစ်ဆေးပေးနေသော ဆရာဝန်တစ်ဦးအား ဧပြီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ဇူလိုင် ၄ ရက် ကိန်းဂဏန်းများအရ ဂျပန်နိုင်ငံတွင် COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၂၆၂ ဦး ရှိပြီး ရုရှားနိုင်ငံတွင် သေဆုံးသူ စုစုပေါင်း ၁ သောင်းကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။ 

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဇူလိုင် ၄ ရက် ဗဟိုဥရောပစံတော်ချိန်(CET) ၁၀ နာရီအထိ ကမ္ဘာတစ်ဝန်းCOVID-19ရောဂါအတည်ပြုလူနာအရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၂၁၂,၃၂၆ ဦး တိုးမြင့်လာခဲ့ကြောင်း ၊ သေဆုံးသူအရေအတွက်မှာ ၅,၁၃၄ ဦး ထပ်တိုးများလာကြောင်း နှင့် စုစုပေါင်း အတည်ပြုလူနာ ၁၀,၉၂၂,၃၂၄ဦး ၊ စုစုပေါင်း သေဆုံးသူ ၅၂၃,၀၁၁ ဦး အသီးသီး ရှိလာပြီဖြစ်ကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဇူလိုင် ၅ ရက် ပေကျင်း စံတော်ချိန် ၆ နာရီ ၃၄ မိနစ်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ကမ္ဘာတစ်ဝန်း COVID-19ရောဂါဖြစ်ပွားသူ စုစုပေါင်း သည် ၁၁,၁၈၅,၆၂၇ ဦး၊ သေဆုံးသူ ၅၂၈,၃၅၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၂,၈၃၆,၁၁၃ ဦး နှင့် သေဆုံးသူ ၁၂၉,၆၅၄ ဦးရှိကြောင်း သိရသည်။

 (၂) သတင်းအချက်အလက်စုစည်းချက်များ

ဂျပန်နိုင်ငံတွင် ဇူလိုင် ၄ ရက် ဒေသစံတော်ချိန် ၂၁ နာရီအထိ COVID-19ရောဂါ စုစုပေါင်း အတည်ပြုလူနာ ၁၉,၆၀၂ ဦး၊ သေဆုံးသူ ၉၇၇ ဦးရှိကြောင်း NHK၏ သတင်းအချက်အလက်များအရ သိရသည်။ ယင်းနေ့တွင် COVID-19အသစ်ထပ်တိုး အတည်ပြုလူနာ ၂၆၂ ဦး ရှိပြီး ၎င်းမှာ နှစ်ရက်ဆက်တိုက် လူနာအရေအတွက် နှစ်ရာကျော်မြင့်တက်လာခြင်းဖြစ်ရာ မေ ၂၅ ရက် အရေးပေါ်အခြေအနေ ဖြေလျော့မှုများပြုလုပ်ပြီးနောက်ပိုင်း လူနာအရေအတွက်စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဖိလစ်ပိုင်နိုင်ငံတွင် ဇူလိုင် ၄ ရက် ဒေသစံတော်ချိန် ၁၆ နာရီအချိန်အထိ ၂၄ နာရီအတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ ၁,၄၉၄ ဦးရှိလာကြောင်း၊ ၎င်းမှာ တစ်ပတ်အတွင်း တတိယအကြိမ်မြောက် နေ့စဉ်ထပ်တိုးလူနာအရေအတွက် တစ်ထောင်ကျော်မြင့်တက်လာခြင်းဖြစ်ကြောင်း  ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံတွင် ဇူလိုင် ၄ ရက်က COVID-19 ရောဂါ  ထပ်တိုးသေဆုံးသူ ၁၆၈ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၁၀,၀၂၇ ဦးထိ ရှိလာကြောင်း ရုရှား ကပ်ရောဂါကာကွယ်မှု ညွှန်ကြားရေးဌာန၏ ယင်းနေ့ ထုတ်ပြန်ချက်အရ သိရသည်။ ရုရှားမီဒီယာများက  ယင်း သေဆုံးမှုနှုန်းသည် ကမ္ဘာ့တစ်ဝန်း ပျမ်းမျှသေဆုံးမှုနှုန်း၏ သုံးပုံတစ်ပုံသာရှိကြောင်း ဆိုသည်။  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စုပေါင်းစမ်းသပ်မှုအစီအစဉ်တွင် Hydroxychloroquine နှင့် Lopinavir/Ritonavir ဆေးများ၏ စမ်းသပ်မှုသည်  COVID-19 ဆေးရုံတင်လူနာသေဆုံးမှုနှုန်းအား လျှော့ချနိုင်မှု မရှိသလောက် သို့မဟုတ် လုံးဝမလျှော့ချနိုင်ခြင်းကြောင့် ယင်းစမ်းသပ်မှုများအား ရပ်ဆိုင်းမည်ဟု ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)