Connect with us

WORLD

သတင်းထုတ်ပြန်ရေးမှူးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အမေရိကန်ဒုသမ္မတ မိုက်ပန့်စ် လူအများနှင့်ခပ်ခွာခွာနေထိုင်

အမေရိကန်နိုင်ငံ ဒုတိယသမ္မတ မိုက်ပန့်စ် အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဒုတိယသမ္မတမိုက်ပန့်စ်(Mike Pence) ၏ သတင်းထုတ်ပြန်ရေးမှူးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဒုသမ္မတပန့်သည် မိမိကိုယ်ကို လူအများနှင့်ခပ်ခွာခွာ နေထိုင်ပြုမူလျက်ရှိကြောင်း အမေရိကန်မီဒီယာက မေ ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

“ သမ္မတအိမ်ဖြူတော် ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ဒုသမ္မတပန့်စ်ဟာ ဆက်လက် လိုက်နာဆောင်ရွက်ပါလိမ့်မယ် ။ အဲဒါက quarantine တော့မဟုတ်ပါဘူး  ” ဟု ပန့်စ်၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးဖြစ်သည့် Devin O’Malley က ပြောကြားခဲ့ကြောင်း AP သတင်းက ဖော်ပြခဲ့သည်။ “ နောက်ဆက်တွဲအနေနဲ့ ဒုသမ္မတကြီးဟာ နေ့တိုင်း ဆေးစစ်ခဲ့ရာမှာ  ကူးစက်ခံရခြင်းမရှိ(negative) ပဲပြနေပါတယ်။ မနက်ဖြန် အိမ်ဖြူတော်မှာပဲ ရှိနေမှာပါ” ဟု ဆက်လက်ပြောကြားခဲ့သည်။

ပန့်စ်၏ ရောဂါကာကွယ်ရေး လုပ်ဆောင်မှုအပေါ် သတင်းဖော်ပြရာတွင် AP သတင်းဌာန နှင့် Bloomberg သတင်းဌာန နှစ်ခုစလုံးက တစ်ကိုယ်တည်းသီးခြားခွဲ၍နေထိုင်မှု “ self-isolating” ဟူသော စကားလုံးကို အသုံးပြုထားသည်။ သို့သော်လည်း “ ပန့်စ်ဟာ တစ်ကိုယ်တည်းသီးခြားခွဲပြီး နေနေတာမဟုတ်ပါဘူး ၊ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ နေ့စဉ်အလုပ်အချိန်ဇယားထဲမှာ ကန့်သတ်ချက်တွေမရှိလို့ပါပဲ” ဟူ၍ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ NBC သတင်းဌာနက ဆိုသည်။

အဆိုပါ အရာရှိက ဒုသမ္မတအနေဖြင့် “ လာမည့် နှစ်ရက်တာအတွင်း အလုပ်များစွာ ရှိလိမ့်မည်မဟုတ်” ကြောင်း ပြောကြားခဲ့သည်ဟု NBC သတင်းက ဆက်လက်ဖော်ပြခဲ့သည်။အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ပန့်စ်သည် အမေရိကန်အစိုးရအဖွဲ့ဝင်များအနက် လူအများနှင့် ခပ်ခွာခွာနေထိုင်ရန် ကန့်သတ်မှုများ လုပ်ဆောင်သည့် အဆင့်အမြင့်ဆုံး အစိုးရအရာရှိ နှင့် နောက်ဆုံး ပုဂ္ဂိုလ် တစ်ဦးဖြစ်လာခဲ့သည်။ ၎င်း၏ သတင်းထုတ်ပြန်ရေးမှူး Katie Miller သည် ပြီးခဲ့သော မေ ၇ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။(Xinhua)