Connect with us

WORLD

နယူးယောက်မြို့၌ ကြောင် နှစ်ကောင်တွင် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဟူစတန်မြို့ရှိ ကြောင်ငယ်တစ်ကောင်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကြောင် နှစ်ကောင်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကိုစစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ ယင်းမှာ အမေရိကန်နိုင်ငံ၌ ပထမဆုံးအနေဖြင့် ကြောင်များတွင် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းဖြစ်ကြောင်း ဗဟိုအစိုးရအေဂျင်စီက ဧပြီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။

 အဆိုပါ ကြောင် နှစ်ကောင်သည် နယူးယောက်မြို့အတွင်း သီးခြား တစ်နေရာဆီမှ ဖြစ်ပြီး ရောဂါလက္ခဏာ မပြင်းထန်ကြောင်း နှင့် အပြည့်အဝ ပြန်လည်သက်သာကောင်းမွန်လာရန် မျှော်လင့်ထားကြောင်း အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန၏ အမျိုးသားတိရစ္ဆာန်ဓာတ်ခွဲခန်းများ နှင့် အမေရိကန် ဗဟိုရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန (CDC) ၏ ထုတ်ပြန်ချက်တစ်စောင်အရ သိရသည်။

ပထမကူးစက်ခံရသော အိမ်မွေးကြောင်တစ်ကောင်သည် ရောဂါကူးစက်ခံထားရသော အိမ်နီးချင်းလူနာတစ်ဦးနှင့် ထိတွေ့မိရာမှ COVID-19 ကူးစက်ခံရခြင်းဖြစ်ဖွယ် ရှိကြောင်း ကျွမ်းကျင်သူများက ယုံကြည်နေသည်။ ဒုတိယ ကူးစက်ခံထားရသော ကြောင် တစ်ကောင်၏ ပိုင်ရှင်သည် သူ့ကြောင်၌ အသက်ရှူကြပ်အဖျားလက္ခဏာ မပြမီကတည်းက COVID-19 ရောဂါကူးစက်ခံထားရပြီးသော လူနာတစ်ဦးဖြစ်နေကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၌ ကြောင်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွင် အဓိက အရေးပါသောနေရာ၌ ရှိနေသည်ဆိုသည့် သက်သေပြချက်များ မရှိသေးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူများ နှင့် တာဝန်ရှိသူများက ဗိုင်းရပ်စ်အကြောင်းကို ဆက်လက် လေ့လာနေဆဲဖြစ်ကြောင်း ၊ ကြောင်များအား အခန်းများအတွင်း ပိတ်လှောင်ထားရန် CDC က ထောက်ခံထားကြောင်း နှင့် ခွေးကြောင်းသောနေရာများကဲ့သို့ လူထူထပ်သောနေရာများသို့ ကြောင်များ ခေါ်ဆောင်သွားခြင်းကို ရှောင်ရှားရန် တိုက်တွန်းထားကြောင်း သိရသည်။

COVID-19 ကြောင့် ဖျားနာနေသူများအနေဖြင့် ၎င်းတို့၏ အိမ်မွေးကြောင်များ အပါအဝင် အခြားတိရစ္ဆာန်များနှင့်အတူ နီးနီးကပ်ကပ်နေထိုင်ခြင်းမပြုရန် ကျွမ်းကျင်သူများက အကြံပြုထားသည်။ယခုလအစောပိုင်းတွင် နယူးယောက်မြို့ Bronx Zoo အတွင်းရှိ ကျားတစ်ကောင်သည် ချောင်းခြောက်ဆိုးခြင်းဖြစ်ပွားပြီးနောက် COVID-19 ရောဂါကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ထို့ပြင် ၎င်းတိရစ္ဆာန်ရုံးအတွင်းရှိ အခြား ကျား ၆ ကောင် နှင့် ခြင်္သေ့တစ်ကောင်တွင်လည်း အလားတူလက္ခဏာများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိရစ္ဆာန်များသည် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသော တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦးထံမှ  ကူးစက်ခံရခြင်းဖြစ်ဖွယ်ရှိကြောင်း သိရသည်။(Xinhua)