Connect with us

WORLD

ဘရာဇီးနိုင်ငံ၏ COVID-19 ဖြစ်ပွားမှုဗဟိုချက်ဖြစ်သည့် ဆာအိုပေါ်လိုပြည်နယ်တွင် အသွားအလာပိတ်ပင်မှုများ မေလ၌ စတင်လျှော့ပေါ့ပေးမည်

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့တွင် နှာခေါင်းစည်းဝတ်ဆင်ထားသည့် စက်ဘီးစီးနေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဆာအိုပေါ်လို၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း COVID-19 ဖြစ်ပွားမှုဗဟိုချက်ဖြစ်သည့် ဆာအိုပေါ်လိုပြည်နယ်တွင် မတ် ၂၄ ရက်က စတင်ပြုလုပ်ခဲ့သည့် အသွားအလာပိတ်ပင်မှု ဆောင်ရွက်ချက်များကို မေ ၁၁ ရက်မှ စတင်ကာ တဖြည်းဖြည်းချင်း လျှော့ချသွားမည်ဟု မြို့တော်ဝန် ဂျောင်ဒိုရီယာ (Joao Doria ) က ဧပြီ ၂၂ ရက်က ပြောခဲ့သည်။ 

လူချင်းခပ်ခွာခွာနေစေသည့် ဆောင်ရွက်မှုများအား ဒေသတွင်းအခြေအနေပေါ်မူတည်ပြီး နယ်မြေအလိုက် လျှော့ချမည် ဖြစ်ကြောင်း ဒိုရီယာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။အာဂျင်တီးနားနိုင်ငံ နယ်စပ်ဖြစ်သော ဘရာဇီးနိုင်ငံ တောင်ပိုင်း စန်တာကာတာရီးနာပြည်နယ်ရှိ အခြားနေရာများတွင်  ဧပြီ ၂၂ ရက်က အသွားအလာပိတ်ပင်မှု ဆောင်ရွက်ချက်များအား စတင်ဖြေလျှော့ခဲ့သည်။ သို့သော် လူအများအပြားစုဝေးခြင်းများကိုမူ ကန့်သတ်ထားဆဲဖြစ်ပြီး ဘားနှင့်စားသောက်ဆိုင်များကိုလည်း ဆက်လက်ပိတ်ထားရဆဲ ဖြစ်သည်။

ဆာအိုပေါ်လိုသည် ဘရာဇီးနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သည်။ ယင်းမြို့တွင် နေထိုင်သူ ၄၆ သန်းရှိပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ သုံးပုံတစ်ပုံ ရှိကြောင်း သိရသည်။ဘရာဇီးနိုင်ငံတွင် COVID-19 ကူးစက်ခံရသည့်အတည်ပြုသူဦးရေ စုစုပေါင်း ၄၅,၇၅၇ ဦး ရှိပြီး ရောဂါကြောင့် သေဆုံးရသူ ၂,၉၀၆ ဦးရှိသည်။ ဆော်ပေါ်လိုသည် အဆိုးဆုံး ထိခိုက်ခံရသည့်ပြည်နယ်ဖြစ်ပြီး ကူးစက်ခံရသူ ၁၅,၉၁၄ ဦးနှင့် သေဆုံးသူ ၁,၁၃၄ ဦး ရှိသည်ဟု ဆိုသည်။  (Xinhua)