Connect with us

WORLD

COVID-19 ကန့်သတ်ချက်များ ဖယ်ရှားပြီးနောက် လာအိုကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရ

၂၀၁၉ ခုနှစ်က လာအိုနိုင်ငံရှိ မူလတန်းကျောင်းသားများ ကျောင်းတက်နေသည့်မြင်ကွင်းများ ကို တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ မေ ၁၉ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံအစိုးရက တစ်နိုင်ငံလုံးရှိ ကျောင်းသားကျောင်းသူများ အားလုံးအနေဖြင့် လာမည့် ဇွန် ၂ ရက်မှစတင်ကာ ကျောင်းပြန်တက်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး မူလတန်းအဆင့် ၊ အလယ်တန်းအဆင့် အပေါ်တန်း နှင့် အောက်တန်း နောက်ဆုံးနှစ်ကျောင်းသားများအတွက်မူ မေ ၁၈ ရက်ကတည်းက ကျောင်းများ ပြန်ဖွင့်ပေးထားပြီဖြစ်ကြောင်း ဆိုသည်။

မေ ၁၅ ရက်တွင် ဝန်ကြီးချုပ်ရုံးမှ နောက်ဆုံးထုတ်ပြန်လိုက်သော ကြေညာချက်အရ  အစိုးရ နှင့် ပုဂ္ဂလိက မူကြိုကျောင်းများ ၊ မူလတန်း နှင့် အလယ်တန်းကျောင်းများ ၊  အထက်တန်းဝင်ခွင့်ကျောင်းများ ၊ ကောလိပ်များ နှင့် တက္ကသိုလ်များ အသီးသီးကို ကန့်သတ်ချက်များဖြင့် ဇွန် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 ၂၀၁၉ ခုနှစ်က လာအိုနိုင်ငံရှိ မူလတန်းကျောင်းသားများ ကျောင်းတက်နေသည့်မြင်ကွင်းများ ကို တွေ့ရစဉ်(ဆင်ဟွာ)

မေ ၁၈ ရက်က ပြန်ဖွင့်ပေးခဲ့သော မူလတန်း နှင့် အလယ်တန်းကျောင်း အများစုတွင် အထက်တန်းပညာအဆင့် ၊ ကောလိပ် နှင့် တက္ကသိုလ် အသီးသီးသို့ ဝင်ခွင့်အတွက် စာမေးပွဲကြိုတင်ပြင်ဆင်ကြရမည့် မူလတန်းအတွက် Grade 5 နှင့် အလယ်တန်းအတွက် Grade 4 နှင့် 7 ကျောင်းသားများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း Vientiane Times နေ့စဉ်သတင်းစာက ရေးသားထားသည်။

မေ ၁၇ ရက်တွင် ပညာရေး နှင့် အားကစားဝန်ကြီးဌာန နှင့် COVID-19 ကြိုတင်ကာကွယ်ရေး အမျိုးသားလုပ်ငန်းအဖွဲ့ကော်မတီ၏ ထောက်ခံမှုဖြင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် COVID-19 ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရန် လိုအပ်သော ကြိုတင်ကာကွယ်ရေးအစီအစဉ်များကို မဖြစ်မနေလုပ်ဆောင်ထားရမည်ဖြစ်ကြောင်း သိရသည်။

 ၂၀၁၉ ခုနှစ်က လာအိုနိုင်ငံရှိ မူလတန်းကျောင်းသားများ ကျောင်းတက်နေသည့်မြင်ကွင်းများ ကို တွေ့ရစဉ်(ဆင်ဟွာ)

ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် စာသင်ခန်းများ နှင့် ကျောင်းပရဝဏ် သန့်ရှင်ရေးများ ပြုလုပ်ခြင်း ၊ ရောဂါကူးစက်မှု လျော့ပါးစေရန် အသုံးအဆောင်ပစ္စည်းများအား ဆေးဖျန်းခြင်းတို့ကို ကြိုတင်ဆောင်ရွက်ထားရမည်ဖြစ်သည်။

ကျောင်းဝန်ထမ်းများ ၊ ဆရာဆရာမများ နှင့် ကျောင်းသားကျောင်းသူများသည် ကျောင်းချိန်ပြည့် နှာခေါင်းစည်းတပ်ဆင်ထားရမည်ဖြစ်ကြောင်း နှင့် ကလေးအကြိုအပို့လုပ်သော ကျောင်းသားမိဘများအားလုံးလည်း မဖြစ်မနေ နှာခေါင်းစည်း ဝတ်ဆင်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်ကျောင်းသားများအတွက် လက်ဆေးဆပ်ပြာ ၊ လက်ဆေးရည် နှင့် လက်ဆေးဘေစင်များ ထားရှိပေးရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ကျောင်းသားတစ်ဦး နှင့် တစ်ဦး အနည်းဆုံး တစ်မီတာအကွာထားရှိရန် (social distance) ထိုင်ခုံများကို ဆရာများက သင့်တော်သလို စီမံပေးရမည်ဖြစ်ကြောင်း နှင့် ကျောင်းသားအားလုံး ကျောင်းဝင်းထဲ ဝင်ဝင်ခြင်းမှာပင် ခန္ဓာကိုယ်အပူချိန်တိုင်း စစ်ဆေးခံရမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဆက်လက် ဖော်ပြထားသည်။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ဆရာများ နှင့် ကျောင်းသားမိဘများသည် ကျောင်းသားများ၏ ခန္ဓာကိုယ်အပူချိန်ကို အနီးကပ်စောင့်ကြည့်ရမည်ဖြစ်သည်။ မည်သူမဆို တုတ်ကွေးကဲ့သို့သော ရောဂါလက္ခဏာတစ်ခုခု တွေ့ရှိပါက နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခြင်း သို့မဟုတ် နေအိမ်တွေစောင့်ကြည့်ခြင်းများ ပြုလုပ်သွားရမည်ဖြစ်ကြောင်းလည်း သိရသည်။

အကယ်၍ တစ်စုံတစ်ယောက်တွင် မည်သည့်တုတ်ကွေးလက္ခဏာပေါ်ပေါက်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် COVID-19 ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေး အမျိုးသား လုပ်ငန်းအဖွဲ့ကော်မတီသို့ သတင်းပေးပို့ရမည်ဖြစ်သည်။လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၄ ရက်တွင် နိုင်ငံအတွင်း ပထမဆုံး အတည်ပြုလူနာနှစ်ဦးတွေ့ရှိကြောင်းကြေညာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၁၉ ဦးရှိကြောင်း သိရသည်။(Xinhua)