Connect with us

WORLD

WHO အဖွဲ့အား နိုင်ငံရေးရည်မှန်းချက်ဖြင့် ဟိုဟိုဒီဒီ တွန်းပို့ခြင်းမျိုးတွင် အသုံးမချသင့်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးပြော

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရုံးချုပ် အဆောက်အဦအားတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၂၀ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergei Ryabkov က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အား နိုင်ငံရေးရည်မှန်းချက်ဖြင့် ဟိုဟိုဒီဒီတွန်းပို့မှုတစ်ခုအတွက် အသုံးမချသင့်ကြောင်း မေ ၁၉ ရက်တွင်ပြောကြားလိုက်သည်။

“ကပ်ရောဂါတိုက်ဖျက်ရေးဆောင်ရွက်ရာမှာ WHO အဖွဲ့ကို အရည်အချင်းအပြည့်မီဆုံး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကြီးအဖြစ် တည်ဆောက်ဖို့ထက် ကိုယ့်ရည်မှန်းချက် ရောက်ရှိဖို့ ဟော်ကီဘောလုံးကို ဟိုရိုက်ဒီရိုက် ဟိုပို့ဒီပို့ လုပ်သလိုမျိုး မပြုမူသင့်ပါဘူး” ဟု ရုရှားလွှတ်တော်အမတ်များနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး Sergei Ryabkov က ပြောကြားခဲ့သည်ဟု TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Ryabkov က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ နိုင်ငံရေးပုံဖော် လုပ်ဆောင်မှုအားလုံးကို ဆန့်ကျင်ကြောင်း နှင့် ကပ်ရောဂါအား အဖြေရှာရာတွင် ပိုမိုထိရောက်သော နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန် ဦးတည် လုပ်ဆောင်သွားရမည်ဖြစ်ကာ WHO ၏ အခန်းကဏ္ဍကို ပိုမိုတောင့်တင်းခိုင်မာစေရန် နှင့် ယင်းအား အားနည်းချိနဲ့မှုမဖြစ်စေရေးအတွက် ကာကွယ်သွားရန် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကံအကြောင်းမလှစွာပင် အမေရိကန်နိုင်ငံ နှင့် ၎င်း၏ အနီးကပ်အပေါင်းအပါနိုင်ငံများအတွက် ယင်းအချက်များသည် ဦးစားပေးဆောင်ရွက်ရမည့် နယ်ပယ်ထဲတွင် မပါဝင်လာခဲ့ကြောင်း Ryabkov က ဆိုသည်။Ryabkov က  “ တရုတ်နိုင်ငံဟာ WHO ကို အသုံးချနေတယ်ဆိုတဲ့ အယူအဆတွေ ပြောဆိုမှုတွေကို ရုရှားနိုင်ငံက ဘယ်လိုအကြောင်းနဲ့မှ ယုံကြည်စရာ လုံးဝမရှိပါဘူး”  ဟု ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က WHO အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ထံပေးပို့သော စာတစ်စောင်တွင် လာမည့် ရက်ပေါင်း ၃၀ အတွင်း “ ထင်သာမြင်သာရှိသော တိုးတက်မှုများ” ကို WHO က လုပ်ဆောင်ပေးခြင်းမရှိပါက အမေရိကန်အနေဖြင့် အဖွဲ့ဝင်အဖြစ် တည်ရှိမှုကို ပြန်လည်စဉ်းစားသုံးသပ်သွားမည်ဖြစ်ကြောင်း နှင့် ဘဏ္ဍာရေးထောက်ပံ့ကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။(Xinhua)