Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်မှုမြင့်တက်ခဲ့ရခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ဆို့မှု မပြုလုပ်ခဲ့ခြင်းကြောင့်ဟု ဖော့စီပြောကြား

အမေရိကန်နိုင်ငံ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီဖော့စီ အား ဇွန် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံထိပ်တန်း ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီဖော့စီ(Anthony Fauci) က အမေရိကန်နိုင်ငံအနေဖြင့် COVID-19 ကူးစက်မှုအသစ် မြင့်တက်ခဲ့ရခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မည်သည့်အခါမျှ ပိတ်ဆို့မှု မပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု CNBC သတင်းဌာနက ဖော်ပြခဲ့သည်။

“ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျွန်တော်တို့ ဘယ်တုန်းကမှ ပိတ်ဆို့မှု မပြုလုပ်ခဲ့ဖူးဘူး” ဟု စတန်းဖို့ဆေးကျောင်းနှင့် ပြုလုပ်သော အွန်လိုင်း webinar ဆွေးနွေးမှုတစ်ခုအတွင်း အမေရိကန်နိုင်ငံ အရေပြာ နှင့် ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး ဖော့စီက ထည့်သွင်းပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ကိုက်အနည်းငယ်လောက် နောက်ပြန်ဆုတ်သွားဖို့ လိုမယ်။ ပြောရရင် OK ပေါ့ ၊ ပိတ်ဆို့မှုနဲ့ အမြဲတမ်းနေထိုင်လို့ တော့ မရဘူးပေါ့လေ ၊ ခင်ဗျားတို့ ပိတ်ဆို့မှု တော့လုပ်ရမယ် ၊ ဒါပေမယ့် ဖြည်းဖြည်းချင်းတော့ ပြန်ဖွင့်ပေါ့” ဟု ဖော့စီက ဆိုသည်။

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုသည် “ အဆုံးသတ်ဖို့ အစပျိုးတဲ့အဆင့်တောင် မတွေ့ရသေးပါဘူး” ဟု ဖော့စီက ပြောကြားခဲ့ပြီး သိပ္ပံပညာရှင်များအနေဖြင့် ဗိုင်းရပ်စ်အတွက် အလားအလာရှိသော ဆေးဝါး နှင့် ကာကွယ်ဆေးများ ရရှိရန် ဆက်လက်ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု CNBC သတင်းတွင် ဖော်ပြထားသည်။

သိပ္ပံပညာရှင်များက ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၁ နှစ်ဆန်းပိုင်းတွင် ဘေးကင်းလုံခြုံပြီး ထိရောက်မှုရှိသော အနည်းဆုံး ကာကွယ်ဆေးတစ်မျိုးကို ထုတ်လုပ်နိုင်လိမ့်မည်ဟု ၎င်းအနေဖြင့် “အကောင်းဘက်ကရှုမြင်ကြောင်း ” ဖော့စီက ဆိုသည်။အမေရိကန်နိုင်ငံတွင် ဇူလိုင် ၁၃ ရက် ညနေပိုင်းထိ COVID-19 ကူးစက်ခံရသူပေါင်း ၃,၃၅၃,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၃၅,၅၀၀ ဦးရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)