Connect with us

WORLD

အမေရိကန်နိုင်ငံတွင် ဆေးရုံတက်ရသည့် COVID-19 ဖြစ်ပွားသူ အရေအတွက်မှာ “စိုးရိမ်ဖွယ်” အဆင့်ဖြစ်နေကြောင်းဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ဂျော့ရှ်ဝါရှင်တန် တက္ကသိုလ်ဆေးရုံသို့ လူနာတစ်ဦးအား ပို့ဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ဇူလိုင် ၂၄ ရက်က COVID-19 ဖြစ်ပွားသူအသစ် ၇၂,၂၁၉ ဦးရှိခဲ့သဖြင့် နိုင်ငံအတွင်း ဆေးရုံတက်သည့် အရေအတွက်မှာ ယခုတစ်ပတ်အတွင်း စိုးရိမ်ရသောနှုန်းသို့ ရောက်ရှိသွားကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ဖော်ပြခဲ့သည်။ 

“ဆေးရုံတက်ရသည့် အရေအတွက်က ယခုတစ်ပတ်မှာ အလွန်အပြောင်းအလဲမြန်နေတယ်။ ဒါပေမဲ့ ဒါက စိုးရိမ်ဖွယ်ဖြစ်နေတယ်” ဟု COVID Tracking Project ၏ အစီရင်ခံစာအသစ်၌ ဖော်ပြထားသည်။

သီတင်းပတ်သုံးပတ်အတွင်း လူသေဆုံးနှုန်းမြင့်တက်မှုမှာလည်း အမေရိကန်နိုင်ငံအတွက် အလွန်ပင်ခက်ခဲသော သီတင်းပတ်များဖြစ်လာဖွယ်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။ 

အမေရိကန်နိုင်ငံရှိ ပြည်နယ်များနှင့် နယ်မြေများ၌ ယခုတစ်ပတ်အတွင်း COVID-19 ရောဂါစမ်းသပ်စစ်ဆေးမှု ၅.၅ သန်း ပြုလုပ်ခဲ့ပြီး ရောဂါတွေ့ရှိသူအသစ် ၄၆၈,၀၀၀ ဦးရှိကြောင်း အစီရင်ခံစာအရ သိရသည်။ 

COVID-19 ဖြစ်ပွားသူအသစ်တွေ့ရှိမှုများမှာ သီတင်းပတ် တစ်ပတ်ပြီးတစ်ပတ် မြင့်တက်လာခြင်းသည် လွန်ခဲ့သည့် သီတင်းပတ်လေးပတ်ကထက် ကျော်လွန်ခဲ့ကြောင်း၊ သို့သော်လည်း နိုင်ငံအဆင့် ရောဂါစစ်ဆေးခြင်း တိုးတက်မှုအနေဖြင့်မူ နှေးကွေးလျက်ရှိကြောင်း သိရသည်။ 

လက်ရှိတွင် တက္ကဆက်၊ ဖလော်ရီဒါနှင့် ကယ်လီဖိုးနီးယား ပြည်နယ်များတွင် စုစုပေါင်း COVID-19 လူနာအရေအတွက်၏ ထက်ဝက်မျှရှိကြောင်း အစီရင်ခံအရ သိရသည်။ 

အမေရိကန်နိုင်ငံတွင် COVID-19 ဖြစ်ပွားသူမှာ ၄,၀၇၃,၀၀၀ ကျော်ရှိပြီဖြစ်ပြီး ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းအထိ သေဆုံးသူ အရေအတွက်မှာ ၁၄၄,၇၀၀ ကျော်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် စာရင်းအရ သိရသည်။  (Xinhua)