Connect with us

WORLD

ဥရောပက COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု၏ ဗဟိုချက်ဖြစ်လာဟု WHO ပြော

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ဥရောပသည် တရုတ်နိုင်ငံပြင်ပရှိ ကျန်ကမ္ဘာ့နိုင်ငံများထက် COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှု များလာခြင်းနှင့်အတူ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု၏ ဗဟိုချက်ဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက မတ် ၁၃ ရက်တွင် ပြောကြားလိုက်သည်။

နေ့စဉ် ရောဂါဖြစ်ပွားမှုသည် တရုတ်နိုင်ငံတွင် နေ့စဉ်ရောဂါဖြစ်ပွားမှုထက် များပြားလျက်ရှိကြောင်း WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းရှိ လူ ၅,၀၀၀ သေဆုံးခဲ့ပြီး ရောဂါဖြစ်ပွားသူ ၁၃၂,၀၀၀ ဦးရှိကာ နိုင်ငံနှင့် ဒေသပေါင်း ၁၂၃ ခုသို့ ကူးစက်နေသည့် ဝမ်းနည်းဖွယ် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း တက်ဒရော့စ်က အလေးထားပြောကြားခဲ့သည်။

၎င်းက နိုင်ငံအားလုံးအနေဖြင့် ချဉ်းကပ်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမည်ဟု ထပ်လောင်းပြောကြားခဲ့သလို ယင်းကပ်ရောဂါက မည်သူမဆို ကူးစက်ခံရနိုင်ကြောင်း အလေးထားပြောကြားခဲ့သည်။

“ဘယ်နိုင်ငံမဆို ရောဂါဖြစ်ပွားမှုများပြားတဲ့ တခြားနိုင်ငံရဲ့ အတွေ့အကြုံတွေကို ကြည့်ရှုပြီးတော့ ငါတို့ဆီမှာတော့ ဖြစ်မှာမဟုတ်ပါဘူးလို့ တွေးနေမယ်ဆိုရင် အမှားကြီးကြီးကို လုပ်နေတာပါပဲ” ဟု တက်ဒရော့စ်က သတိပေးခဲ့သည်။

ထို့ပြင် ၎င်းက အစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် “ပြင်ဆင်ခြင်းနှင့် အသင့်ရှိခြင်း” ၊ “တွေ့ရှိခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်း” ၊ “ကူးစက်မှုကို လျှော့ချခြင်း” နှင့် “ဆန်းသစ်တီထွင်ခြင်းနှင့် လေ့လာခြင်း” ဟူသော ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်ရေးဆိုင်ရာ WHO ၏ အကြံပြုချက်များအား လိုက်နာရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။  (Xinhua)