Connect with us

WORLD

COVID-19 သတိထားနေရစဉ်အတွင်း သီရိလင်္ကာနိုင်ငံ၌ ကျောင်းများ အားလုံး ပြန်ဖွင့်

နှာခေါင်းစည်းတပ်ဆင်၍ ကျောင်းတက်လာကြသော သီရိလင်္ကာကျောင်းသားများအား ဩဂုတ် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ)

သီရိလင်္ကာကျွန်းနိုင်ငံတွင် လူပေါင်း ၂,၈၀၀ ကျော် ကူးစက်ခံရပြီး COVID-19 ကပ်ရောဂါ သတိထားရနေရစဉ်ကာလအတွင်းမှာပင် တစ်လကျော်ကြာ ပိတ်ထားခဲ့ရသည့် အစိုးရကျောင်းများအားလုံးကို ဩဂုတ် ၁၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း သီရိလင်္ကာပညာရေးဝန်ကြီးဌာနက ဆိုသည်။

ကျောင်းသားများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ထားရန် ၊ မကြာခဏလက်ဆေးရန် အပါအဝင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အတန်းတိုင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ကျောင်းစာသင်ခန်းများအတွင်းရှိ စာသင်ခုံများကို တစ်ခုံနှင့်တစ်ခုံ တစ်မီတာ အကွာ ခြားထားရန် နှင့် ကျောင်းသူကျောင်းသားများအနေဖြင့် ကစားခုန်စားပြုလုပ်ခြင်းမပြုရန် သို့မဟုတ် ကျောင်းအားကစားကွင်းသို့သွားရောက်ကစားခြင်းမပြုရန် တားမြစ်ထားကြောင်း သိရသည်။

နှာခေါင်းစည်းတပ်ဆင်၍ ကျောင်းတက်လာကြသော သီရိလင်္ကာကျောင်းသားများအား ဩဂုတ် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံပညာရေးဝန်ကြီးဌာနက တစ်ချိန်တည်းတစ်နေရာတည်းတွင် ကျောင်းသားများ စုံပြုံတက်ရောက်ခြင်းမှ ကာကွယ်ရန် နှင့် လူမှုဘဝ ခပ်ခွာခွာနေထိုင်ရန် အတွက် ကျောင်းသားဦးရေ၂၀၀ ကျော်ရှိသောကျောင်းများအနေဖြင့် တစ်ရက်တာအတွင်း အချိန်ခွဲခြား၍ သင်ကြားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကျောင်းမုန့်စားတန်းများကိုလည်း ကျန်းမာရေးဌာန၏ ထောက်ခံ အတည်ပြုချက်ရသည့် အချိန်မှသာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ သီရိလင်္ကာတစ်နိုင်ငံလုံးရှိ အစိုးရကျောင်းများကို နိုင်ငံအတွင်း ပထမဆုံး COVID-19 အတည်ပြုလူနာစတင်တွေ့ရှိခဲ့သည့် မတ်လ လယ်ပိုင်းမှ စတင်ကာ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

နှာခေါင်းစည်းတပ်ဆင်၍ ကျောင်းတက်လာကြသော သီရိလင်္ကာကျောင်းသားများအား ဩဂုတ် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြီးခဲ့သော ဇူလိုင်လတွင် အချို့အတန်းများကို ရွေးချယ်ကာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု ပေါက်ကွဲလာမည့် အန္တရာယ်ခြိမ်းခြောက်မှုကြောင့် နောက်ပိုင်းတွင် ပြန်လည် ပိတ်ခဲ့ရသည်။ပြီးခဲ့သော ရက်သတ္တပတ်များအတွင်း သီရိလင်္ကာနိုင်ငံတွင် ပြည်တွင်း ကူးစက်မှု မရှိသဖြင့် ပညာရေးဝန်ကြီးဌာနက ကျောင်းများကို ဩဂုတ် ၁၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့သလို အာဏာပိုင်များကလည်း ယခုအခါ ဗိုင်းရပ်စ်ကူးစက်မှုသည် အသွားအလာ ကန့်သတ်ထားသည့်နေရာများတွင်သာ ရှိတော့ကြောင်း ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းထိ COVID-19 အတည်ပြုလူနာပေါင်း ၂,၈၄၄ ဦးရှိခဲ့ပြီး ယင်းတို့အနက် ၂,၅၉၃ ဦး ပြန်လည်သက်သာကောင်းမွန်သွားပြီဖြစ်ကြောင်း နှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁ ဦးရှိကြောင်း သိရသည်။(Xinhua)