Connect with us

WORLD

ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူ သန်း ၂၀ ကျော် အထိ ရှိလာ ၊ WHO ညွှန်ချုပ် က ကပ်ရောဂါ တိုက်ဖျက်နိုင်ရန် မျှော်လင့်ချက် ရှိသေးကြောင်း ပြောကြား

သြစတြေးလျ နိုင်ငံ ၌ COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ပြည်သူများ သွားလာလှုပ်ရှားနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ ဗဟို ဥရောပ စံတော်ချိန်  သြဂုတ် ၁၀ ရက် ၁၀ နာရီထိ နောက်ဆုံးထုတ်ပြန်ချက်အရ ကမ္ဘာပေါ် တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂၅၃,၄၀၉ ဦး ထပ်မံ တိုးမြင့် ခဲ့ကြောင်း  ၊ ယခုအခါ ကူးစက်ခံရသူ ၁၉,၇၁၈,၀၃၀ ဦး အထိ ရောက်ရှိလာ ကြောင်း နှင့် ရောဂါကြောင့် သေဆုံးသူ ၅,၇၁၉ ဦး ထပ်မံ တိုးမြင့် ခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၇၂၈,၀၁၃ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

အမေရိကန် နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ ထုတ်ပြန်ကြေညာချက် အရ ပေကျင်း ဒေသစံတော်ချိန် သြဂုတ် ၁၁ ရက် ၇ နာရီ ၃၅ မိနစ် အချိန်ထိ ကမ္ဘာပေါ် တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂၀,၀၀၁,၀၁၉ ဦး အထိ ရောက်ရှိလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၇၃၃,၈၉၇ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား နေသည့် နိုင်ငံမှာ  အမေရိကန် နိုင်ငံ ဖြစ်ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅,၀၈၅,၈၂၁ ဦး နှင့် သေဆုံးသူ ၁၆၃,၃၇၀ ဦး ရှိကြောင်း သိရသည်။

ကမ္ဘာ့ ကျန်မာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် က ကပ်ရောဂါ တိုက်ဖျက်ရေး အောင်မြင်ရန် အတွက် မျှော်လင့်ချက် က ရှိနေဆဲ ဖြစ်ပြီး COVID-19 ရောဂါ မပြန့်ပွားရေး အား ထိရောက်စွာ ဆောင်ရွက်ရန် အတွက် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် လျင်မြန်စွာ ဆောင်ရွက်မှု ပြုလုပ်ရန် လိုအပ်ကြောင်း ၊ ၎င်းတို့သည် ပြည်သူ့ လိုအပ်ချက် အရ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှု သစ်များ ပြုလုပ်သွားရန် လိုအပ်ကြောင်း သြဂုတ် ၁၀ ရက် ၌ ပြောကြား ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ပညာရှင် က ယခင် အတွေ့အကြုံများ အရ COVID-19 ရောဂါ ၏ အရင်းအမြစ် အား တွေ့ရှိအောင် ရှာဖွေသွားရမည် ဖြစ်ပြီး ရောဂါပိုး သည် မည်ကဲ့သို့ တိရစ္ဆာန် မှ တစ်ဆင့် အတားအဆီး ကို ကျော်ဖြတ်၍ လူသားဆီသို့ ကူးစက်ခဲ့သည် ကို လေ့လာရန်မှာ အခက်အခဲ များစွာ နှင့် ကြုံတွေ့ရဖွယ် ရှိနေကြောင်း သြဂုတ် ၁၀ ရက် ၌ ပြောကြား ခဲ့သည်။

ဥရောပ ကော်မရှင်၏ ကျန်းမာရေး နှင့် အစားအသောက် လုံခြုံရေး ကော်မတီ တာဝန်ခံ က သြဂုတ် ၉ ရက် ၌ ပထမ ဦးဆုံးသော COVID-19 ရောဂါ ကာကွယ်ဆေး သည် ယခုနှစ် နှစ်ကုန်ပိုင်း သို့မဟုတ် လာမည့် နှစ်ဆန်းပိုင်း တွင် ထွက်ရှိလာနိုင်မည် ဖြစ်ကြောင်း သတင်းမီဒီယာ နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ သြဂုတ် ၁၀ ရက် ထုတ်ပြန်ချက် တွင် ဖိလစ်ပိုင် နိုင်ငံ ဒေသစံတော်ချိန် သြဂုတ် ၁၀ ရက် ၂၀ နာရီ အချိန်ထိ နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက် ခံရသူ ၆,၉၅၈ ဦး တိုးမြင့် ခဲ့ပြီး တစ်ရက်အတွင်း ကူးစက်ခံရသူ စံချိန်တင် မြင့်တက် ခဲ့ကြောင်း ၊ သြဂုတ် ၄ ရက် တွင် ဖိလစ်ပိုင် နိုင်ငံ ၌ တစ်ရက်အတွင်း ကူးစက်ခံရသူ ၆,၃၅၂ ဦး တိုးမြင့်ခဲ့ပြီး ယင်းမှာ တစ်ပတ် အတွင်း ဒုတိယ အကြိမ်မြောက် တစ်ရက်အတွင်း လူပေါင်း ၆ ထောင်ကျော် တိုးမြင့် ကူးစက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

သြစတြေးလျ နိုင်ငံ ပြည်ထောင်စု အစိုးရ ဆေးဘက်ဆိုင်ရာ ထိပ်တန်း အရာရှိ က လွန်ခဲ့သည့် ၂၄ နာရီ အတွင်း နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်ခံရတူ ၁၉ ဦး တိုးမြင့် ခဲ့ပြီး တစ်ရက်အတွင်း ရောဂါ ထပ်မံကူးစက်ခံရသူ စံချိန်တင် မြင့်တက်ခဲ့ကြောင်း ၊ ရောဂါ ထပ်မံ ကူးစက် ခံရသူ အားလုံးသည် ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား နေသည့် ဗစ်တိုးရီးယား ပြည်နယ် မှ ဖြစ်ကြောင်း  သြဂုတ် ၁၀ ရက်တွင် ပြောကြား ခဲ့သည်။  (Xinhua)