Connect with us

WORLD

ပြင်သစ်နိုင်ငံတွင် နေ့စဉ် COVID-19 ရောဂါကူးစက်မှု ၁၆,၀၉၆ ဖြင့် အမြင့်ဆုံးစံချိန်သစ်တင်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီဖယ်မျှော်စင်အနီး Trocadero Place တွင် နှာခေါင်းစည်းတပ်ဆင်ကာ လမ်းလျှောက်နေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် စက်တင်ဘာ ၂၄ ရက်က ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၁၆,၀၉၆ ဦးရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစ၍ နေ့စဉ်အတည်ပြုလူနာအရေအတွက် အများဆုံးအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက စက်တင်ဘာ ၂၄ ရက်က ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံတွင် ယခင်က နေ့စဉ်ရောဂါဖြစ်ပွားမှုအမြင့်ဆုံးစံချိန်မှာ စက်တင်ဘာ ၁၉ ရက်တွင် ၁၃,၄၉၈ ဦး ဖြစ်ခဲ့သည်။ စက်တင်ဘာ ၂၄ ရက်တွင် တွေ့ရှိခဲ့သောစာရင်းနှင့်ပေါင်းပါက ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာဦးရေမှာ စုစုပေါင်း ၄၉၇,၂၃၇ ဦးအထိရှိလာပြီဖြစ်ကြောင်း၊ သေဆုံးသူဦးရေအနေဖြင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ၅၂ ဦးရှိခဲ့ခြင်းကြောင့် စုစုပေါင်း ၃၁,၅၁၁ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း တရားဝင်အချက်အလက်အရ သိရသည်။

COVID-19 လူနာဦးရေများပြားလာခြင်းကြောင့် ယခုတစ်ပတ်မှစ၍ အရေးပေါ်ခွဲစိတ်မှုမဟုတ်ပါက ရွှေ့ဆိုင်းသွားမည် ဖြစ်ကြောင်း ပဲရစ်မြို့ရှိ ပြည်သူ့ဆေးရုံများအသင်းက ယင်းနေ့အစောပိုင်း၌ ပြောကြားခဲ့သည်။

ပဲရစ်မြို့ရှိ ဆေးရုံများ၌ COVID-19 လူနာအရေအတွက်မှာ ပြီးခဲ့သည့် သီတင်းပတ်သုံးပတ်အတွင်း ၁၅၀ မှ ၃၃၀ အထိ နှစ်ဆကျော် မြင့်တက်လာခဲ့သလို အထူးကြပ်မတ်ကုသဆောင်တွင်လည်း လူနာဦးရေ ၅၀ မှ ၁၃၂ သို့ တိုးမြင့်လာခဲ့ကြောင်း ပြည်သူ့ဆေးရုံများအသင်းမှ အချက်အလက်များအရ သိရသည်။

ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီး Olivier Veran က COVID-19 ရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရေး ဆောင်ရွက်ချက်အသစ်များစွာ ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ကိန်းဂဏန်းများ မြင့်တက်လာရခြင်း ဖြစ်သည်။
“ဗိုင်းရပ်စ်ပျံ့နှံ့မှုက သိသိသာသာကို မြင့်တက်လာပါတယ်။ အခြေအနေတွေလည်း ဆက်ပြီးဆိုးဝါးလာပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်ချက်တွေကို အလျင်အမြန်မလုပ်ဘူးဆိုရင် ဒေသအချို့မှာ လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာတွေက အန္တရာယ်ရှိလာနိုင်တယ်” ဟု Veran က ဝန်ကြီးအဖွဲ့အစည်းအဝေးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်းရှိ ပြင်သစ်၊ တရုတ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန် အပါအဝင် အခြားသောနိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အပြိုင်အဆိုင်ရှာဖွေလျက်ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဝက်ဘ်ဆိုဒ်တွင် စက်တင်ဘာ ၁၇ ရက်၌ ဖော်ပြထားချက်အရ တစ်ကမ္ဘာလုံးတွင် COVID-19 ကာကွယ်ဆေးဖော်ထုတ်မှု ၁၈၂ ခုရှိပြီး ယင်းအနက် ၃၆ ခုမှာ လက်တွေ့စမ်းသပ်မှုအဆင့်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.