Connect with us

WORLD

အမေရိကန်နိုင်ငံတွင် ကာကွယ်မှုအားနည်းချက်ကြောင့် ကျန်းမာရေးဝန်ထမ်းများ COVID-19 ရောဂါဖြင့် သေဆုံးခဲ့ရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ ဘရွတ်ကလင်းနယ်မြေတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားမှုအတွင်း Maimonides ကျန်းမာရေးစင်တာ အရေးပေါ်ဌာနသို့ လူနာပို့ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဓာတ်ပုံ- Michael Nagle/Xinhua)

ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်း ၁,၇၀၀ ကျော်သည် COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရပြီး သေဆုံးသူအများစုမှာ တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံ (PPE) လုံလောက်မှုမရှိခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံ၏ အကြီးဆုံး သူနာပြုသမဂ္ဂဖြစ်သည့် အမျိုးသား သူနာပြုများယူနိုက်တက်၏ အစီရင်ခံစာအရ သိရသည်။ 

စက်တင်ဘာ ၁၆ ရက်အထိ “မှတ်ပုံတင်ထားတဲ့ သူနာပြုတွေအပါအဝင် ခန့်မှန်းခြေ ကျန်းမာရေးဝန်ထမ်း ၁,၇၁၈ ဦးဟာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် COVID-19 ရောဂါနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေကြောင့် သေဆုံးခဲ့ရတယ်” ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ 

PPE ဝတ်စုံများကို သိုလှောင်ထားရှိမှုနှင့် အလျင်အမြန် ဖြန့်ဖြူးမှုများအတွက် ဆောင်ရွက်မှု အရှိန်မြှင့်တင်ရာတွင် အားနည်းချက် ယိုယွင်းမှုရှိခဲ့ပြီး မှတ်ပုံတင်ထားသော သူနာပြုများ၊ အခြားသော ကျန်းမာရေးစောင့်ရှောက်သူဝန်ထမ်းများနှင့် လူနာများ၏ အသက်များကို ဆုံးရှုံးစေခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ 

ကျန်းမာရေးဝန်ထမ်းများတွင် COVID-19 ရောဂါကူးစက်ခံရမှု ၂၅၈,၇၆၈ ဦးထက်မနည်းရှိခဲ့ပြီး အမေရိကန် ရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာမှ ထုတ်ပြန်သော အရေအတွက် ၁၅၆,၃၀၆ ဦးထက် ၆၆ ရာခိုင်နှုန်း မြင့်မားလျက်ရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။  (Xinhua)