Connect with us

WORLD

ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 အတည်ပြုလူနာအသစ် ၂,၄၁၅ ဦးနှင့် သေဆုံးသူ ၅၉ ဦးရှိ 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် နှာခေါင်းစည်းတပ်ဆင်လျက် လမ်းလျှောက်နေသည့် အမျိုးသမီးများကို တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားသူအရေအတွက်သည် ယနေ့ အောက်တိုဘာ ၁ ရက်တွင် ရောဂါဖြစ်ပွားသူအသစ် ၂,၄၁၅ ဦးရှိခဲ့ခြင်းကြောင့် စုစုပေါင်း ရောဂါဖြစ်ပွားသူ ၃၁၄,၀၇၉ အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန (DOH) က သတင်းဖော်ပြခဲ့သည်။ 

ထို့ပြင် ပြန်လည်သက်သာပျောက်ကင်းလူနာ ၇၇၁ ဦးရှိလာခဲ့ခြင်းကြောင့် ရောဂါပြန်လည်သက်သာလာသူ အရေအတွက်မှာ ၂၅၄,၂၂၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ယင်းရောဂါကြောင့် သေဆုံးသူအရေအတွက်မှာလည်း ၅၉ ဦးထပ်တိုးလာခြင်းကြောင့် စုစုပေါင်းသေဆုံးသူ ၅,၅၆၂ ဦးအထိ ရှိလာခဲ့ကြောင်း DOH ပြောခဲ့သည်။

မနီလာမြို့တော်သည် အောက်တိုဘာ ၁ ရက်တွင် အတည်ပြုလူနာ ၉၃၀ ဦးဖြင့် ဖိလစ်ပိုင်နိုင်ငံရှိ ဒေသများအတွင်း ရောဂါဖြစ်ပွားမှု အများဆုံးဖြင့် ထိပ်ဆုံး၌ရှိနေကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံရှိ လူဦးရေ ၁၀၉ သန်းရှိသည့်အနက် ၃ ဒသမ ၅၂ သန်းကျော်မှာ ရောဂါစစ်ဆေးမှုခံယူထားပြီဖြစ်ကြောင်း DOH က ဆိုသည်။ 

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံအတွင်း ဇန်နဝါရီလက ရောဂါစတင်ဖြစ်ပွားချိန်ကစ၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၉,၆၁၃ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၆၁ ဦးရှိကြောင်း DOH ပြောကြားချက်အရ သိရသည်။ 

နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ခိုင်မာတောင့်တင်းစေရန် ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဆရာဝန်၊ သူနာပြုနှင့် အခြားကျန်းမာရေးဝန်ထမ်းများကို ဧပြီလလယ်ပိုင်းတွင် စတင်၍ အရေးပေါ်ခေါ်ယူခဲ့ကြောင်း သိရသည်။ 

အစိုးရအနေဖြင့် COVID-19 ရောဂါဖြစ်ပွားမှုမြင့်တက်လာခြင်းကြောင့် ဆေးရုံများနှင့် ဓာတ်ခွဲခန်းများတွင် ကျန်းမာရေးဝန်ထမ်းများ အရှိန်မြှင့်ဆောင်ရွက်ရန် လူ ၁၀,၆၉၃ ဦး ထက်မနည်း လိုအပ်လျက်ရှိကြောင်း DOH က ဆိုသည်။ ထိုသို့ လိုအပ်သူ ၁၀,၆၉၃ ဦးအနက် ကျန်းမာရေးဝန်ထမ်း ၈,၀၅၆ ဦးကို ခန့်အပ်ထားပြီးဖြစ်ကြောင်း အလုပ်သမားနှင့် အလုပ်အကိုင်ဦးစီးဌာနက အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။  (Xinhua)