Connect with us

WORLD

ကင်မရွန်းနိုင်ငံတွင် COVID-19 ရောဂါကြောင့် လများစွာကြာဆိုင်းငံ့ထားသော တက္ကသိုလ်များ ပြန်ဖွင့်

ကင်မရွန်းနိုင်ငံ ယောင်းဒီမြို့ရှိ အထက်တန်းကျောင်းတွင် ကျောင်းတက်ရောက်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - Jean Pierre Kepseu/Xinhua)

ယောင်းဒီ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ကင်မရွန်းနိုင်ငံ၌ COVID-19 ကပ်ရောဂါကြောင့်် ၇ လနီးပါးဆိုင်းငံ့ထားခဲ့ရသည့် တက္ကသိုလ်များနှင့် အခြား အဆင့်မြင့်ပညာရေး တက္ကသိုလ်များတွင် အောက်တိုဘာ ၁၅ ရက်မှစ၍ ကျောင်းသားများကို ပြန်လည်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်များသည် ကျောင်းပြန်တက်သည့်ကျောင်းသားများကိုလက်ခံရာတွင် တင်းကျပ်သည့် လူချင်းခပ်ခွာခွာနေရသည့် ကန့်သတ်မှုများနှင့် ဘက်စုံပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများအားလုံး  ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

ကျောင်းသားများနှင့်ဆရာများ အားလုံးအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် ၎င်းတို့၏ ခန္ဓာကိုယ်အပူချိန် ပုံမှန်စစ်ဆေးမှုများလုပ်ဆောင်ကြရမည်ဟု အဆင့်မြင့်ပညာရေးဝန်ကြီးဌာန ဝန်ကြီး Jacques Fame Ndongo က ပြောခဲ့သည်။

အကြာကြီးခွဲခွာနေရသော်လည်း ၎င်းတို့၏တက္ကသိုလ်နှင့်ဆက်နွယ်နေသည့်ခံစားမှုက ပို၍နက်ရှိုင်းလာကြောင်း ကျောင်းပြန်တက်သည့်ကျောင်းသားတချို့က ဆင်ဟွာသို့ ပြောခဲ့သည်။

“ကျွန်တော် ငိုချင်သလိုခံစားရတယ်။ သည်လိုအချိန်အကြာကြီးခွဲခွာခဲ့ရပြီးတော့ ကျောင်းဝင်းထဲကိုခြေချလိုက်ရတာက နက်နက်ရှိုင်းရှိုင်း စိတ်ကျေနပ်မှု ရစေတယ်။ ကျွန်တော် အကျဉ်းထောင်ကျပြီး အခုတော့ လွတ်မြောက်သွားသလိုမျိုးပေါ့။ ကျောင်းကိုတစ်ဖန်ပြန်လာရတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်”ဟု  Douala တက္ကသိုလ်က ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်သူ Gerard Batir က ဆင်ဟွာသို့ ပြောပြခဲ့သည်။

ကင်မရွန်းနိုင်ငံတွင် ယခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀,၀၀၀ ဦး ကျော်ရှိနေပြီး နိုင်ငံတွင် COVID-19 ပျံ့နှံမှု ယေဘုယျအားဖြင့်လျော့ကျနေကာ ပြန်လည်ကျန်းမာလာသည့်နှုန်းမှာ ၉၅ ရာခိုင်နှုန်း ရှိကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။  (Xinhua)