Connect with us

WORLD

COVID-19 ကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး ကိုယ်ပိုင်လမ်းဘေးဆိုင်ဖွင့်ကာ စားပွဲထိုးဖြစ်လာသူ မလေးရှားလေယာဉ်မှူးကြီး

လေကြောင်းလိုင်းများ ရပ်ဆိုင်းသွားပြီးနောက် ကွာလာလမ်ပူမြို့ ဆူဘန်ဂျာယာရှိ လမ်းဘေးတစ်နေရာတွင် ကိုယ်ပိုင်ဆိုင်ဖွင့်၍ စားပွဲထိုးလုပ်နေသည့် လေယာဉ်မှူးAzrin Mohamad Zawawi အား တွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆူဘန်ဂျာယာရှိ လမ်းဘေးဆိုင်တန်းနေရာတစ်ခုတွင် ကိုယ်တိုင်ချက်ပြုတ် ၊ ကိုယ်တိုင်စားပွဲထိုးလုပ်နေသည့် လေယာဉ်မောင်းလုပ်သက် အနှစ် ၂၀ ကျော်ရှိပြီဖြစ်သော လေယာဉ်မှူးကြီး Azrin Mohamad Zawawi ကို လမ်းသွားလမ်းများ မြင်တွေ့ရနိုင်သည်။

၎င်းသည် လေယာဉ်မှူးဝတ်စုံအပြည့်အစုံဖြင့် ချက်ပြုတ်ရာတွင် အသုံးပြုသည့် ခန္ဓာကိုယ်ရှေ့ဖုံးခါးစည်း အနီ(apron)ကို ဝတ်ဆင်ကာ ဆိုင်းအတွင်း ဧည့်သည်များအကြား မရပ်မနား သွားလာလှုပ်ရှားနေသည်။မလေးရှားနိုင်ငံ Malindo လေကြောင်းလိုင်းတွင် လေယာဉ်မှူးတစ်ဦးအဖြစ် လုပ်ကိုင်နေရာမှ COVID-19 ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့် ကျောင်းနေအရွယ် ကလေး ၄ ဦးဖခင် အသက် ၄၄ နှစ်အရွယ် လေယာဉ်မှူးကြီးသည် ယင်း၏ လမ်းဘေးစားသောက်ဆိုင်အလုပ်ကို ဂုဏ်ငယ်သည်ဟု မထင်ဘဲ လေးလေးစားစား ဂရုတစ်စိုက် လုပ်ကိုင်နေသည်ကို အားလုံးက တွေ့ရပေမည်။ ထိုသို့လုပ်ကိုင်နေခြင်းမှာ COVID-19 ကပ်ရောဂါကြောင့် ကြုံတွေ့နေရသည့် ဝင်ငွေလျော့ပါးမှု စီးပွားရေးမပြေလည်မှု အခက်အခဲကို ကျော်လွှားနိုင်ရန် ပြန်လည်ကြိုးပမ်းသည့် အားထုတ်မှုတစ်ခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လေကြောင်းလိုင်းများ ရပ်ဆိုင်းသွားပြီးနောက် ကွာလာလမ်ပူမြို့ ဆူဘန်ဂျာယာရှိ လမ်းဘေးတစ်နေရာတွင် ကိုယ်ပိုင်ဆိုင်ဖွင့်၍ စားပွဲထိုးလုပ်နေသည့် လေယာဉ်မှူးAzrin Mohamad Zawawi အား တွေ့ရစဉ်(ဆင်ဟွာ)

“ သတင်းတွေဆီကနေ လေ့လာသင်ယူမှုလုပ်တယ် ၊ ဒီကပ်ရောဂါဟာ အခုချက်ချင်း ပြီးသွားအုံးမှာ မဟုတ်ဘူး ၊ ဆိုလိုချင်တာက လေကြောင်းလိုင်းတွေဟာလည်း သိပ်မကြာခင်ပြန်ပြီး လည်ပတ်နိုင်အုံးမှာ မဟုတ်ဘူးလေ ၊ ဒါကြောင့် မိသားစု စားဝတ်နေရေး အသုံးစရိတ်ကို ကာမိဖို့ ကျွန်တော့်အနေနဲ့ အသစ်တစ်ခုကို စမ်းလုပ်ကြည့်ရတာပါ” ဟု ၎င်းက ဆင်ဟွာသို့ပြောကြားခဲ့သည်။
Azrin သည် နံနက်စောစောထကာ ဆိုင်ခင်းခြင်း ၊ ချက်ပြုတ်ခြင်းများပြုလုပ်ရပြီး ညမိုးချုပ်သည်အထိ တောက်လျှောက် ရောင်းချရသည်။ နေ့စဉ် စားသုံးသူ ၃၅၀ မှ ၅၀၀ အကြားကို ပုံမှန်ရောင်းချနေရသဖြင့် သူ့အတွက် ပုံမှန်ဝင်ငွေ နှင့် မိသားစု စားဝတ်နေရေးအတွက် များစွာ အထောက်အပံ့ဖြစ်စေခဲ့သည်။

လေကြောင်းလိုင်းများ ရပ်ဆိုင်းသွားပြီးနောက် ကွာလာလမ်ပူမြို့ ဆူဘန်ဂျာယာရှိ လမ်းဘေးတစ်နေရာတွင် ကိုယ်ပိုင်ဆိုင်ဖွင့်၍ စားပွဲထိုးလုပ်နေသည့် လေယာဉ်မှူးAzrin Mohamad Zawawi အား တွေ့ရစဉ်(ဆင်ဟွာ)

Azrin သည် လမ်းဘေးဆိုင်အလုပ်ကို အောက်တိုဘာလတွင် စတင်ခဲ့သည်။ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများရပ်ဆိုင်သွားပြီး လေကြောင်းလိုင်းများ အခက်အခဲကြုံတွေ့နေရစဉ် ယင်းအောက်တိုဘာလမှာပင် သူသည် လေယာဉ်မှူးအလုပ်အတွက် တရားဝင်လစာအလျှော့ခံခဲ့ရသည်။ မလေးရှားမြောက်ပိုင်း အစားအစာတစ်မျိုးဖြစ်သည့် အုန့်နို့ခေါက်ဆွဲနှင့် “rojak” အသီးနှံအသုတ်စုံ ဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ရောင်းချရန် သူငယ်ချင်းများနှင့်မိသားစုဝင်များက အကြံပေးခဲ့ကြောင်း Azrin ကဆိုသည်။ ယောက္ခမဖြစ်သူကလည်း မလေးရိုးရာအစားအစာ rojak ချက်ပြုတ်ရာ၌ အထူးလက်ရာကောင်းမွန်သူဖြစ်ရာ မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုစတင်ရန် များစွာ အထောက်အကူဖြစ်စေခဲ့သည်။
Azrin သည် ဆိုင်အတွင်း လုပ်ကိုင်နေချိန်များတွင် လေယာဉ်မှူးဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ထိုသို့ ဝတ်ဆင်ရခြင်းမှာ အလုပ်၏ အရေးပါပုံ နှင့် အလုပ်ကို တာဝန်ယူမှုတာဝန်ခံမှုဖြင့် လုပ်ကိုင်ရန် ကိုယ့်ကိုယ်ကို ပြန်လည်သတိပေးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ ဒီဟာမလုပ်ခင်က ကျွန်တော်တို့ရဲ့အလုပ်ဟာ လေယာဉ်မောင်/လေယာဉ်မယ်တွေနဲ့ လေယာဉ်စီးခရီးသည်တွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဖို့ပေါ့၊ ဒါပေမယ့် စားသောက်ဆိုင်မှာတော့ ခင်ဗျားတို့ကို ဂရုစိုက်ဖို့ပဲလေ ၊ ခင်ဗျားတို့အတွက် သိပ်ကိုအရသာရှိတဲ့အစားအစာတွေ ဝန်ဆောင်မှုပေးရမယ် ၊ ဒါဟာလည်း တာဝန်ယူမှုတစ်ခုပဲပေါ့ ၊ ဒီလေယာဉ်မှူးဝတ်စုံလေးဝတ်ထားရင် ကျွန်တော့်မှာ စားသုံးသူတွေအတွက် တာဝန်အပြည့်ရှိနေပါလားဆိုပြီး ကိုယ့်ဟာကိုယ်ပြန်သတိပေးနေတယ်” ဟု ၎င်းက ဆိုသည်။

လေကြောင်းလိုင်းများ ရပ်ဆိုင်းသွားပြီးနောက် ကွာလာလမ်ပူမြို့ ဆူဘန်ဂျာယာရှိ လမ်းဘေးတစ်နေရာတွင် ကိုယ်ပိုင်ဆိုင်ဖွင့်၍ စားပွဲထိုးလုပ်နေသည့် လေယာဉ်မှူးAzrin Mohamad Zawawi အား တွေ့ရစဉ်(ဆင်ဟွာ)

ထိုသို့လေယာဉ်မှူးဝတ်စုံဖြင့် လမ်းဘေးဆိုင်တွင်ရောင်းချနေသော ၎င်း၏ ဓာတ်ပုံများသည် လူမှုကွန်ရက်ပေါ်တွင် များစွာပျံ့နှံ့ခဲ့သည်။ ထိုသို့ စားပွဲထိုးအလုပ် လုပ်ကိုင်နေသည့် Azrin အား လူများစွာက လူမှုကွန်ရက်တွင် ချီးကျူးစကားမှတ်ချက်ပြုခဲ့ပြီး အချို့က ၎င်းဆိုင်သို့ ကိုယ်တိုင်လာရောက်၍ အားပေးကြသည်များလည်း ရှိနေခဲ့သည်။ “ မီဒီယာတွေမှာ ဖော်ပြလာပြီးတဲ့နောက် ကျွန်တော့်ဆိုင်မှာ လာစားတဲ့လူတွေဟာ ပိုပြီးများများလာတယ် ၊ ဆိုင်ချဲ့ဖို့တောင် စီစဉ်နေရပြီ ” ဟု ၎င်းက ဆိုသည်။
Azrin က ကမ္ဘာ့နိုင်ငံပေါင်းများစွာ ပျံ့သန်းမောင်းနှင်ခဲ့ရသည့် လေယာဉ်မှူးဘဝ နေ့ရက်များကို ပြန်လည်သတိရ တမ်းတနေခဲ့ပြီး ကပ်ရောဂါအလွန်ကာလများတွင် ၎င်း၏ လေယာဉ်မှူးအလုပ်ကို ပြန်လည်ရရှိရန်လည်း မျှော်လင့်နေသည်။
လေယာဉ်မှူးတစ်ဦးအနေဖြင့် တရုတ်နိုင်ငံသို့ အခေါက်ပေါင်းများစွာ လေယာဉ် မောင်းနှင်ခဲ့ဖူးကြောင်း နှင့် တရုတ်နိုင်ငံမှ အစားအစာများကို နှစ်သက်ကြောင်း ၎င်းက ဆိုသည်။ “ တရုတ်နိုင်ငံက အစားအစာတွေဟာ သိပ်ကို အရသာရှိတယ်” ။ သို့သော် ယခုအတွက်မှာမူ Azrin က ၎င်း၏ စားသောက်ဆိုင် လုပ်ငန်းအပေါ်တွင်သာ အာရုံစိုက်နေကြောင်း ဆက်လက် ပြောကြားခဲ့သည်။

“ ရှက်စရာမလိုဘူးလေ ၊ အကောင်းဘက်ကပဲတွေးရမယ် ၊ ကျွန်တော့်အတွက်တော့ ရှေ့ကိုပဲအမြဲကြည့်တယ်။ ဒါကလေယာဉ်တစ်စင်းလိုပါပဲ ၊ ဘာကြောင့်လဲဆိုတော့ လေယာဉ်ဟာ ခင်ဗျားနောက်ကို ပြန်ဆုတ်မောင်းလို့မရဘူး ၊ ရှေ့ကိုပဲ ဆက်ပြီး ဦးတည်ပျံသန်းရတယ် ၊ ဒီလိုပါပဲ ဘယ်စီးပွားရေးလုပ်ငန်းမဆို အထူးသဖြင့် ခက်ခဲတဲ့ကာလထဲမှာဆိုရင် ခင်ဗျားနောက်ကို လုံးဝ ပြန်လှည့်ကြည့်လို့မရဘူး” ဟု ၎င်းက ဆိုသည်။
“ ခင်ဗျားရှေ့ကိုပဲ ကြည့်ရမယ် ၊ အပြုသဘောဆောင်ရမယ် ။ ခင်ဗျားမှာ မျှော်လင့်ချက်အချို့ရှိနေဆဲပါ၊ အနည်းဆုံးတော့ အဲဒီမှာ လုပ်စရာ အလုပ်တွေ အများကြီးရှိမှာပေါ့ ၊ အမှန်တကယ်တော့ ဒီနေရာရဲ့ အပြင်ဘက်မှာလည်း အခွင့်အလမ်းတွေအများကြီးရှိပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.