Connect with us

WORLD

အိန္ဒိယနိုင်ငံ၌ COVID-19 လူနာများ သီးသန့်ထားရန် ရထားတွဲ ၂၀,၀၀၀ ပြင်ဆင်ဆောင်ရွက်

အိန္ဒိယနိုင်ငံ၌ COVID-19 သီးသန့်လူနာများထားရှိမည့် ရထားတွဲများအားတွေ့ရစဉ်( ဆင်ဟွာ)

နယူးဒေလီ ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ COVID-19 စောင့်ကြည့်လူနာများအတွက် facility quarantine နေရာများတိုးချဲ့ရန် ရထားတွဲပေါင်း ၂၀,၀၀၀ ကို ပြင်ဆင်ဆောင်ရွက်နေကြောင်း အိန္ဒိယနိုင်ငံရထားပို့ဆောင်ရေးဌာနက မတ် ၃၁ ရက်တွင်ပြောကြားခဲ့သည်။

စောင့်ကြည့်လူနာ(သို့မဟုတ်) သီးသန့်လူနာများ ထားရှိရန် ဇုံ ၅ ခုကို အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ရထားဌာနက ဆိုသည်။“ ဒီရထားတွဲပေါင်း ၂၀,၀၀၀ က သီးသန့်လူနာတွေအတွက် ကုတင်ပေါင်း ၃၂၀,၀၀၀ လောက်ထည့်နိုင်ပါလိမ့်မယ် ။ စောင့်ကြည့်လူနာ သို့မဟုတ် သီးသန့်လူနာတွေအတွက် ရထားတွဲပေါင်း ၅,၀၀၀ မှာ လုပ်ငန်းတွေ စတင်နေပါပြီ ” ဟူ၍လည်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ၌ COVID-19 သီးသန့်လူနာများထားရှိမည့် ရထားတွဲများအားတွေ့ရစဉ်( ဆင်ဟွာ)

“ ဒီရထားတွဲ ၅,၀၀၀ ပေါ်မှာ လူနာကုတင် ၈၀,၀၀၀ ဝင်ဆံ့ပါတယ်” ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ရထားတစ်တွဲလျှင် သီးသန့်လူနာ ကုတင် ၁၆ လုံးဝင်ဆံ့ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။COVID-19 ကြောင့် သေဆုံးသူ ၃၂ ဦးထိ မြင့်တက်လာခဲ့ပြီး လက်ရှိတွင် ရောဂါကူးစက်ခံထားရသူပေါင်း ၁,၂၅၁ ဦးရှိကြောင်း အိန္ဒိယနိုင်ငံ၌ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက မတ် ၃၁ တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ကူးစက်ရောဂါပြန့်နှံ့မှုအားထိန်းချုပ်နိုင်ရန် တစ်နိုင်ငံလုံးအား ၂၁ ရက်ပိတ်ဆို့မှု(lockdown) ပြုလုပ်ထားသည်။ ထို့ပြင်အာဏာပိုင်များက ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ညမထွက်ရအမိန့်ကဲ့သို့သော ကန့်သတ်ချက်များကို ထုတ်ပြန်ထားကြောင်း ၊ နိုင်ငံအတွင်း မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများမှ လွဲ၍ ရထား ၊ ကား နှင့် လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားကြောင်း သိရသည်။(Xinhua)