Connect with us

WORLD

တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအတွက် ကူညီရန် အသင့်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုတို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံအား COVID-19 ကပ်ရောဂါ စိန်ခေါ်မှု ကျော်လွှားရေးတွင် ထောက်ပံ့ရန်နှင့် ကူညီရန် အသင့်ရှိကြောင်း ဧပြီ ၂ ရက်က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo) နှင့် တယ်လီဖုန်းပြောကြားစဉ် ရှီက ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် အင်ဒိုနီးရှားနိုင်ငံ အပါအဝင် နိုင်ငံနှင့် ဒေသများစွာတွင် ဖြစ်ပွားလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ကိုယ်စား စာနာထောက်ထားမှုများအား ပြောကြားလိုပါကြောင်း အင်ဒိုနီးရှားနိုင်ငံ သမ္မတကို ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသားများသည် ကြိုးစားပမ်းစား ရုန်းကန်ခဲ့ပြီးနောက် အခက်ခဲဆုံးကာလကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ အခက်အခဲများကို သိနားလည်ပြီး အကူအညီပေးအပ်ရန် ဆန္ဒရှိကြောင်း ရှီက ဆိုသည်။

ယခုနှစ်သည် တရုတ်နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်မြောက်သော နှစ်ဖြစ်ပါကြောင်း တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ  ရပ်ဝန်းနှင့်ပိုးလမ်းမ အကောင်အထည်ဖော်ရာတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ရှေ့ဆက်တွန်းအားပေးရေး ဆက်လက် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက လူသားမျိုးနွယ် ကံကြမ္မာအကျိူးတူ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေး မျှော်မှန်းချက်ကို ထိန်းသိမ်းခြင်း၊ ကမ္ဘာလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးအတွက် အတွေ့အကြုံကို မျှဝေခြင်းနှင့် တတ်နိုင်သမျှ ထောက်ပံ့မှုပေးခြင်း၊ အခြားနိုင်ငံများနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် လုပ်ဆောင်ခြင်းနှင့် ကျန်းမာသော လူသားမျိုးနွယ် ဘုံအသိုက်အဝန်းတစ်ခု တည်ဆောက်ခြင်း စသည်တို့အား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဝီဒိုဒိုကလည်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများက ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် အရေးပါသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ ပစ္စည်းကိရိယာကူညီမှုနှင့် အဖိုးတန်သော ထောက်ပံ့မှုများအတွက် ကျေးဇူးရှိကြောင်းနှင့် တရုတ်နိုင်ငံ၏ ကူညီမှုက အင်ဒိုနီးရှားနိုင်ငံအတွက် အလွန်ပင် အရေးပါကြောင်း ဝီဒိုဒိုက ပြောကြားခဲ့သည်။

ထို့ပြင် ဗိုင်းရပ်စ်ဟူသည် နယ်စပ်ခြားနားခြင်းမရှိကြောင်း၊ လူသားမျိုးနွယ်၏ ဘုံရန်သူဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံက အသရေဖျက်သော မည်သည့်အပြုအမူမျိုးကိုမဆို အခိုင်အမာဆန့်ကျင်ပါကြောင်းနှင့် နိုင်ငံတကာ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်အတွက် တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဝီဒိုဒိုက ပြောကြားခဲ့သည်။  (Xinhua)