Connect with us

WORLD

နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ ၏ ထိပ်တန်း လက်ထောက်ဖြစ်သူ  COVID-19 ရောဂါကြောင့်ကွယ်လွန်

နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ ၏ ဝန်ထမ်းအဖွဲ့အကြီးအကဲ Mallam Abba Kyari အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

အဘူဂျာ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) 

နိုင်ဂျီးရီးယားနိုင်ငံသမ္မတ Muhammadu Buhari ၏ ဝန်ထမ်းအဖွဲ့အကြီးအကဲ Mallam Abba Kyari သည် COVID-19 ရောဂါ အား ကုသမှုခံယူနေစဉ် ကွယ်လွန်သွားကြောင်း သမ္မတရုံး၏ ဧပြီ၁၈ရက် အစောပိုင်း ကြေညာချက်တွင် အတည်ပြုခဲ့သည်။

အသက် ၇၀ ကျော်အရွယ်ရှိ Kyari သည် ရောဂါအခံလည်းရှိသဖြင့် ဧပြီ  ၁၈ ရက် တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းသည် သမ္မတ Buhari နှင့် အနီးကပ်ဆုံး လူများအနက်လည်းတစ်ဦးဖြစ်သည်။ 

သမ္မတ ၏ ထိပ်တန်း လက်ထောက်ဖြစ်သူ Kyari သည်မတ်လတွင် ဂျာမနီနိုင်ငံ သို့တရားဝင် ခရီးစဉ် သွားရောက်ခဲ့ရာမှမှ ပြန်လာပြီးနောက် COVID-19 ဗိုင်းရပ်  ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၉ ရက်တွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း ၎င်းကိုယ်တိုင်ကြေညာချက်တွင်အတည်ပြုခဲ့ပြီး ၎င်းကစီးပွားရေးအချက်အချာမြို့ ဖြစ်သောလားဂို့စ်ရှိကျန်းမာရေးဌာနသို့ကုသခံရန်သွားရောက်လျက်ရှိကြောင်း  ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ 

Kyari က ၎င်းအနေဖြင့် ရောဂါကူးစက်ခံရသော်လည်း ကျန်းမာရေးကောင်းလျက်ရှိကြောင်းနှင့် COVID-19 ရောဂါလက္ခဏာများ၎င်းတွင် မပြသသေးကြောင်း ထိုကြေညာချက်ထဲတွင် ပြောခဲ့သည်။ 

နိုင်ဂျီးရီးယားရောဂါထိန်းချုပ်ရေးဌာနက ဧပြီ ၁၇ ရက်အထိ  တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါဖြစ်ပွားသူ  ၄၉၃ ဦးနှင့် သေဆုံးသူ ၁၇ ဦးရှိကြောင်း အတည်ပြုခဲ့သည်။  (Xinhua)