Connect with us

Myanmar

သင်္ကြန် အကြိုနေ့တွင် အောင်မင်္ဂလာအဝေးပြေးမှ ယာဉ်လိုင်း ၃၆ လိုင်းနှင့် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း ၈၆ လိုင်းပြေးဆွဲမည်

နေပြည်တော် ဘောဂသီရိကားကြီးဝင်းအတွင်း ရပ်နားထားသည့် အဝေးပြေးကားများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

သင်္ကြန် အကြိုနေ့ ဖြစ်သော ဧပြီလ ၁၃ ရက်တွင် အောင်မင်္ဂလာအဝေးပြေး မှ ယာဉ်လိုင်း ၃၆ လိုင်းနှင့် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း ၈၆ လိုင်းပြေးဆွဲမည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် က “သင်္ကြန်ပိတ်ရက်ရှည်မှာ ခရီးသွားချင်သူတွေ၊ ကိုယ့်ရဲ့ မိဘဆွေမျိုးတွေဆီ ပြန်ချင်သူတွေ အဆင်ပြေအောင်လို့ ကျွန်တော်တို့ အခုလိုပြေးဆွဲပေးဖြစ်တာပါ။ သင်္ကြန် တစ်တွင်းလုံးမှာ ပုံမှန်ထွက်ပေးတဲ့ယာဉ်လိုင်းဆိုရင် အောင်မင်္ဂလာယာဉ်ရပ်နားစခန်းမှာက ယာဉ်လိုင်း ၂ လိုင်း ရှိတယ်။ ဒဂုံဧရာအဝေးပြေးမှာ ယာဉ်လိုင်း ၈ လိုင်းရှိပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ ဧပြီ ၈ ရက်တွင်ပြောသည်။

အောင်မင်္ဂလာယာဉ်ရပ်နားစခန်းမှ ဧပြီ ၁၃ ရက်တွင် ယာဉ်လိုင်း ၃၇ လိုင်း၊ ဧပြီ ၁၄ ရက်တွင် ယာဉ်လိုင်း ၂ လိုင်းနှင့် သင်္ကြန်ကာလအတွင်း ပိတ်ရက်မရှိပြေးဆွဲမည့် ယာဉ်လိုင်း ၂ လိုင်း စသဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ဧပြီ ၁၃ ရက်တွင် ယာဉ်လိုင်းပေါင်း ၈၆ လိုင်းနှင့် သင်္ကြန်ရက်အတွင်း ပိတ်ရက်မရှိ ပြေးဆွဲမည့် ယာဉ်လိုင်း ၈ လိုင်းမှ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်တွင် ယာဉ်လိုင်းတစ်ချို့ ပြန်လည်ပြေးဆွဲကြမည်ဖြစ်ပြီး ဧပြီ ၂၀ ရက်တွင် ယာဉ်လိုင်းအားလုံးပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ဦးလျန်ကျင့်မန်က ဆိုသည်။ (Xinhua)