Connect with us

Agriculture

မြန်မာ့လယ်ယာအားလုံးကို ရန်ကုန်တိုင်းဒေသကြီးမှ ဦးဆောင်သွားမည် ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

လယ်ယာထွန်ယက်စိုက်ပျိုးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာ့လယ်ယာကဏ္ဍတစ်ခုလုံးကို ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍမှ စံပြအဖြစ် ဦးဆောင်သွားမည်ဟု ကုန်သည်စက်မှုအသင်းချုပ်(U.M.F.C.C.I) ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ကြောင်း (U.M.F.C.C.I) မှ သတင်းထုတ်ပြန်သည်။

မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဖက်ဖက်သောအဖွဲ့အစည်းများမှ သီးခြားစီ လုပ်ဆောင်နေသည့်အတွက် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများ ပေါင်းစပ်ကာ စီမံချက် ရေးဆွဲပြီး တိုင်းဒေသကြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံအဝန်းရှိ လယ်ယာများ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးနိုင်သည့် လယ်မြေဧက ၂၅ သိန်းကျော်ရှိနေသော်လည်း အဆိုပါဧရိယာ၏ ထက်ဝက်ခန့်တွင်သာ စိုက်ပျိုးလုပ်ကိုင်နေကြောင်း၊ ဒေသတွင်းရှိ ဆည်ကြီး ၉ ဆည်မှ ရေပေးဝေမှုအားနည်းနေခြင်းကြောင့် မိုးရေကိုသာ အားထားနေရကြောင်း တိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းကပြောသည်။

တိုင်းဒေသကြီးအတွင်း အဓိကစိုက်ပျိုးနေသည့် ဆန်စပါးနှင့် ပဲ လုပ်ငန်းစက်ဝန်း (Supply Chain) တစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အဓိကအားဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းပိုင်း၊ ကြိတ်ခွဲထုတ်ပိုးမှုလုပ်ငန်းပိုင်းနှင့် သယ်ယူပို့ဆောင်မှုလုပ်ငန်းပိုင်းများမှာပါ ငွေကြေးထောက်ပံ့မှု၊ ဈေးကွက်ချိတ်ဆက်မှုအပြင် နည်းပညာနှင့် ခေတ်မီစက်ကိရိယာများ ရရှိနိုင်ရေး စိန်ခေါ်ချက်များအား ယခုဆွေးနွေးပွဲတွင် အလေးပေးဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် စက်မှုလယ်ယာစနစ်၊ ကန်ထရိုက်လယ်ယာစနစ် စနစ်တကျဖြစ်ထွန်းလာစေရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေး (Land reform) အတွက် ဦးစားပေး ဆွေးနွေးခဲ့ကြပြီး စားနပ်ရိက္ခာနှင့် အာဟာရ လုံခြုံရေး၊ Food Park များ၊ Agriculture service center များ၊ Wholesale center များ တည်ထောင်နိုင်ရေးနှင့် ပတ်သက်၍ အဓိကအားဖြင့် အကြံပြုခဲ့ကြကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ်၌ ဇန်နဝါရီလ ၁၇ နှင့် ၁၈ နှစ်ရက်ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.