Connect with us

Agriculture

မြန်မာ့ ကော်ဖီ ရေရှည် အောင်မြင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း

နေပြည်တော်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ဈေးကွက်တွင် အတိုင်းအတာတစ်ခုအထိ နေရာရရှိ အောင်မြင်နေသည့် မြန်မာ ကော်ဖီအား ရေရှည် အောင်မြင်စေရန် အားလုံးပါဝင် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက တိုက်တွန်း ပြောကြားခဲ့သည်။

“မြန်မာကော်ဖီနဲ့ပတ်သက်ပြီး အခွင့်အလမ်းတွေ ၊ အလားအလာကောင်းတွေ ပေါ်ထွက်နေပြီဖြစ်တဲ့ အတွက် ဈေးကွက်မှာ ရေရှည် အောင်မြင်ဖို့ မြန်မာနိုင်ငံ ကော်ဖီအသင်းရယ်၊ ကော်ဖီစိုက် တောင်သူ တွေရယ်၊ ကော်ဖီ စီးပွားရေး လုပ်ငန်းရှင်တွေရယ် အားလုံး စုပေါင်း ဆောင်ရွက်ကြစေလိုပါတယ်၊ နောက်ပြီး စိုက်ပျိုးရေး ကွန်ယက်တစ်ခုလုံးမှာ သတင်းအချက်အလက်တွေ မျှဝေကြဖို့လည်း လိုအပ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နေပြည်တော် သင်္ဂဟဟိုတယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ WINROCK International နှင့် မြန်မာ ကော်ဖီ အသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက် ပြုလုပ်သည့် မြန်မာ့ကော်ဖီ ကဏ္ဍနှင့် သက်ဆိုင်သူများ အကြံပြုဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Workshop ကို Myanmar Coffee Development Strategy ရေးဆွဲနိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ အရည်အသွေးအားဖြင့် အဆင့်မီပြီး ကမ္ဘာ့ဈေးကွက်ဝင်နေသည့် မြန်မာ့ ကော်ဖီကို ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရည်ရွယ်ကြောင်း၊ လာမည့် ငါးနှစ်အတွင်း လက်ရှိ အရည်အသွေးကို ထိန်းထားပြီး ပမာဏဘယ်လောက်အထိ ထုတ်လုပ်နိုင်မလဲ၊ နောင် ၁၅ နှစ် အနှစ် ၂၀ ကြာမြင့်သည့်အခါ ယခုအရည်အသွေးမျိုးဖြင့် ပမာဏ မည်မျျှအထိ တိုးတက် ထုတ်လုပ်နိုင်ရန် မည်သို့ ဆောင်ရွက်ကြမလဲ၊ စသည့် နှစ်တို နှစ်ရှည် နည်းဗျူဟာများ ရေးဆွဲသွားကြမည်ဖြစ် ကြောင်း သိရသည်။

မြန်မာ့ ကော်ဖီ၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့်က “၂၀၁၅ – ၁၆ မှာ ကွန်တိန်နာ နှစ်လုံး အမေရိကန်နိုင်ငံကို အိတ်စ်ပို့လုပ်နိုင်ခဲ့ပြီး ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်မှာ ကွန်တိန်နာ ၁၀ လုံး တင်ပို့နိုင်ခဲ့ပါတယ်၊ မြန်မာ့ကော်ဖီ အရည်အသွေးကို သူတို့ ကြိုက်ကြပါတယ်၊ အကောင်းဆုံး တန်းဝင် အရည်အသွေးကို မီပါတယ်၊ တစ်တန်ကို ဒေါ်လာ ၄၄၀၀ ကနေ ခုနစ်ထောင်အထိ ရပါတယ်၊ ဒီလို ကြိုက်တဲ့အတွက် ပထမ တစ်နှစ်က သူတို့ဆီက အဖွဲ့ တစ်ဖွဲ့ ပြင်ဦး လွင်ကို လာကြည့်ကြတယ်၊ နောက်နှစ်မှ အဖွဲ့နှစ်ဖွဲ့ ထပ်လာကြည့်တယ်၊ မြန်မာ့ ကော်ဖီက အခွင့်အလမ်းရော အလားအလာပါ ကောင်းပါတယ်။ အရည်အသွေးရော ထုတ်လုပ်မှု ပမာဏ ကိုရော ရေရှည် ထိန်းနိုင်ဖို့က မြေယာ အငြင်းပွားမှုတွေမှာ အစိုးရက သီးနှံစိုက် တောင်သူ တွေ ဘက်က မှန်တဲ့အတိုင်း ရပ်ပေးဖို့လိုပါတယ်” ဟု မီဒီယာကို ရှင်းပြခဲ့သည်။

ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေကလည်း “တစ်နိုင်ငံလုံးမှာ လက်ရှိ ဧက ငါးသောင်းကျော်စိုက်ထားပါတယ်၊ ပြည်ပ ပို့ကုန်အတွက် ဧက နှစ်သောင်း၊ ပြည်တွင်းဈေးကွက်အတွက် ဧက တစ်သောင်း လျာထားပါတယ်၊ လောလောဆယ်မှာ အမေရိကန်ကိုအများဆုံး တင်ပို့နေပါတယ်၊ မြန်မာ့ကော်ဖီက တောင်ပေါ်ဒေသမှာ စိုက်တဲ့ Arabica နဲ့ မြေပြန့်မှာ စိုက်တဲ့ Robuster ဆိုပြီး နှစ်မျိုး ရှိပါတယ်၊ ဒီနှစ်မျိုးကို ပြန်စပ်ပြီး နောက်ထပ် မျိုးသစ်တစ်ခု ဖော်ထုတ်ဖို့ ပြင်ဦးလွင်က ကော်ဖီ သုတေသန ဌာနမှာ စမ်းသပ်နေပါပြီ” ဟု ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.