Connect with us

Agriculture

မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍတို့အပါအဝင် လုပ်ငန်းသစ် ၅ ခု ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် နှာခေါင်းစည်း တပ်ဆင်လုပ်ကိုင်နေသော အလုပ်သမားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆောင်ရွက်ဆဲလုပ်ငန်း ၈ ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဉီကဏ္ဍ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍ နှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ်(၅)ခု ကို ကော်မရှင်၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၅ ဒသမ ၈၉၀ သန်း နှင့် ကျပ် ၃၅,၆၂၉ ဒသမ ၄၇၉ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၆၈၈ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ နိုင်ငံ/ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၀၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ ၁၄ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)