Connect with us

Agriculture

အရည်အသွေးကောင်းဈေးကွက်ဝင် ဒေသမျိုးရင်း ငှက်ပျောမျိုးများရရှိစေရန် သုတေသနပြုဆောင်ရွက်လျက်ရှိ

သုတေသနပြုလုပ်လျက်ရှိသော ငှက်ပျောစိုက်ခင်းအားတာဝန်ရှိသူများမှ ကြည့်ရှုနေစဉ် (ဓာတ်ပုံ-- စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

အရည်အသွေးကောင်းဈေးကွက်ဝင် ဒေသမျိုးရင်းငှက်ပျောမျိုးများရရှိစေရန် မျိုးထွန်းနည်းပညာနှင့် အပင်တစ်သျှူးမွေးမြူရေးတို့ ပူးတွဲအသုံးပြု၍ သီးနှံမျိုးသစ်များ သုတေသနပြု ရှာဖွေဖော်ထုတ်ရေးအား ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အပင်ဇီဝနည်းပညာသုတေသနဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက အောက်တိုဘာ ၁၆ ရက်တွင် ဆင်ဟွာသို့ပြောသည်။

“ဒီစီမံကိန်းက ဒေသငှက်ပျောမျိုးတွေကို ၂၀၁၈-၂၀၁၉ ခုနှစ်ကတည်းက ကျွန်တော်တို့ စတင်စမ်းသပ်ဆောင်ရွက်တာဖြစ်တယ်။အခုက စမ်းသပ်စိုက်ပျိုးပြီး အသီးအနှံထွက်မှုတွေကို ဆက်လေ့လာမှုတွေလုပ်ဦးမှာပါ။ နောက်တစ်နှစ် ၂၀၂၀-၂၀၂၁ခုနှစ် မှာ သုတေသနလုပ်ရဦးမယ်။ ၂၀၂၂ခုနှစ်မှာသေချာတဲ့မျိုးကိုရနိုင်မှာဖြစ်ပါတယ်’’ ဟု၎င်းကရှင်းပြသည်။

စားသုံးမှု အရည်အသွေးကောင်းကာ ကြာရှည်ထားခံနိုင်သည့်  ဈေးကွက်ဝင် ဒေသမျိုးရင်းငှက်ပျောမျိုးများရရှိရန်ရည်ရွယ်၍ မျိုးထွန်းနည်းပညာနှင့် အပင်တစ်သျှူးနည်းပညာတို့ကို အသုံးပြု၍  ခွံဝါငှက်ပျော မျိုးထွန်းလိုင်းများကို သုတေသနပြုလုပ်ခြင်းကိုရည်ရွယ်၍  စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ အပင်ဇီဝနည်းပညာသုတေသနဌာနစုရှိ သုတေသနပညာရှင်များအနေဖြင့်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းဆိုသည်။

လက်ရှိတွင် ဒေသမျိုးရင်းငှက်ပျောမျိုးများသည်  စားသုံးမှုအရသာကောင်းသော်လည်း တာရှည်ထား မခံခြင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ရည် မရှိခြင်း၊ အသီးအထွက်နှုန်းနည်းခြင်းနှင့် သယ်ယူပို့ဆောင်သည့်အခါ ထိခိုက်မှုများခြင်းတို့ကြောင့်  ဈေးကွက်အခက်အခဲများနှင့် ကြုံတွေ့လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဇီဝနည်းပညာသုတေသနပညာရှင်များအနေဖြင့် တောင်သူများအတွက် လိုအပ်ချက်ဖြစ်သော ဈေးကွက်ဝင် အရည်အသွေးကောင်း ငှက်ပျောမျိုးများအား သုတေသနပြု၍  တစ်သျှူးနည်းပညာဖြင့် အမြောက်အမြား မွေးမြူထုတ်လုပ်ကာ တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ အခုလိုဆောင်ရွက်ရတာက တောင်သူတွေ အနေနဲ့ ပြည်ပကိုတင်ပို့နိုင်ဖို့အထိပါ ရည်ရွယ်ပါတယ်။ ပုံမှန်ငှက်ပျောစိုက်ပျိုးချိန် အတိုင်းပဲ ကြာမြင့်မှာပါ။ အခိုင်အရေအတွက်ကြီးရမယ်။

အရအသာချိုပြီး၊ အနံ့မွှေးမှာပါ။ဒါပေမယ့်လက်ရှိကျွန်တော်တို့ ဆောင်ရွက်ရတဲ့အခါ နည်းပညာပိုင်းမှာ လိုအပ်ချက်ရှိပါတယ်။ တရုတ်နိုင်ငံတို့လို ပြည်ပနိုင်ငံကြီးတွေ နဲ့ သုတေသန တွေကို ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒတွေရှိပါတယ်။’’ ဟု ဒေါက်တာနိုင်ကြည်ဝင်းကဆက်ရှင်းပြသည်။

အပင်တစ်သျှူးအားယူ၍ ဓာတ်ခွဲခန်းထဲတွင် မျိုးပွားကာ မြေကြီးပေါ်ချစိုက်၍ အဆင့်ဆင့်စမ်းသပ်ရခြင်းဖြစ်ကြောင်းဆိုသည်။ ဇီဝနည်းပညာသုတေသနဌာနစုမှ သုတေသနပညာရှင်များသည် ယခုနှစ် မိုးရာသီတွင် ခွံဝါငှက်ပျော မျိုးထွန်းလိုင်းများကို မိဘမျိုးလိုင်းများနှင့် နှိုင်းယှဉ်ရွေးချယ်၍ ငှက်ပျောမျိုးသစ်များထုတ်လုပ်နိုင်ရေးအတွက် သုတေသနများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117