Connect with us

Agriculture

ပင်လယ်ပြင်ငါးဖမ်းရာသီ ပိတ်ထားသော (၃)လတာအတွင်း တစ်လစော၍ ကမ်းဝေး ငါးဖမ်းစက်လှေ ၃၀ရာခိုင်နှုန်းအား ဖမ်းဆီးခွင့်ပြု

ရခိုင်ပြည်နယ် စစ်တွေမြို့ အနီး ပင်လယ်ပြင်တွင် ငါဖမ်းလုပ်ငန်း လုပ်ကိုင်နေသော စက်လှေများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ပင်လယ်ပြင် ငါးဖမ်းရာသီပိတ်ထားသော (၃)လတာအတွင်း တစ်လစော၍ ကမ်းဝေး ငါးဖမ်းစက်လှေ ၃၀ ရာခိုင်နှုန်းကို ဇွန် ၁ ရက်မှ စ၍ ဖြေလျော့ဖမ်းဆီးခွင့်ပြုထားကာ နိုင်ငံခြားဝင်ငွေရရှိသော ပင်လယ်ငါးဖမ်းဆီးမှု လုပ်ငန်းများ ပြန်လည်စတင်ပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဆင်ဟွာသို့ ယနေ့ ဇွန် ၇ ရက်တွင် ပြောသည်။ဦးမြင့်ဇင်ထူးက “တစ်လစောပြီး ဖမ်းဆီးခွင့်ပြုတယ်ဆိုပေမယ့် ကျွန်တော်တို့ လှေအားလုံးကို ဖမ်းဆီးခွင့် ပြုတာတော့ မဟုတ်ဘူး။ ငါးဖမ်းလှေရဲ့ ၃၀ ရာခိုင်နှုန်းကို ပဲ ဖမ်းဆီးခွင့်ပြုတာ။ ဥပမာ -လှေ ၃၀၀၀ ရှိတယ်ဆိုရင် လှေ ၁၀၀၀ ကိုပဲ ဖမ်းဆီးခွင့်ပြုတာပါ။လောလောဆယ် လှေ ၆၀၀ ကျော်လောက်ပဲ ထွက်သေးတယ်ပေါ့။’’ ဟုပြောသည်။

COVID-19 အခြေအနေအပါအဝင် အခြားအခြေအနေများကြောင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ရေလုပ်သားများ၏ စားဝတ်နေရေး တင်ပြချက်အရ ယခုကဲ့သို့ ခွင့်ပြုပေးရခြင်းဖြစ်ကြောင်း ဆိုသည်။

“ငါးဖမ်းဆီးခွင့် ၃လ ပိတ်တဲ့ အချိန် လှေမှာလိုက်ပါတဲ့ လှေလုပ်သားတွေ ရဲ့ စားဝတ်နေရေး အခက်အခဲကို လုပ်ငန်းရှင်တွေကတင်ပြတဲ့ အခါ အရေအတွက် တစ်ခု ကို ကျွန်တော်တိုတို့ ခွင့်ပြုပေးတဲ့သဘောပါပဲ။ ကမ်းနီးငါးဖမ်းလှေကတော့ ဒေသခံလေးတွေ ဖမ်းတာကတော့ ပုံမှန် ဖမ်းခွင့်ပြုထားပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

ပင်လယ်ပြင်သို့ ငါးဖမ်းဆီးခွင့်ရသော စက်လှေများကို သက်ဆိုင်ရာ ဆိပ်ကမ်းများတွင် ပင်လယ်ပြင်စောင့်ကြည့်ရေးစက် VMS များ တပ်ဆင်မှုရှိ/မရှိ၊ ပင်လယ်လိပ်များ ပိုက်ကွန်အတွင်းမှ ပြန်ထွက်နိုင်သော TED ကိရိယာ တပ်ဆင်ထားမှုရှိ/မရှိကို ငါးလုပ်ငန်းဦးစီးဌာနမှ ကြပ်မတ်စိစစ် ဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ ပင်လယ်ပြင်ငါး အမျိုးအစား (၁၅)မျိုးနှင့် ပုစွန်(၅)မျိုးကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိကာ ထိုင်းနိုင်ငံသို့ ပင်လယ်ငါး (၄)မျိုးနှင့် ပုစွန်တို့ကို တင်ပို့လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ အခုလို စောပြီး ဖမ်းဆီးခွင့်ပြုခြင်းအားဖြင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံသလို တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကိုလည်း တင်ပို့နိုင်မှာဖြစ်ပါတယ်’’ ဟု ဦးမြင့်ဇင်ထူးက ဆက်ပြောသည်။ (Xinhua)