Connect with us

Agriculture

တရုတ်နိုင်ငံသို့ ပြောင်းဆန်တင်ပို့မည့် EOI Form စာရင်းတင်သွင်းလာသည့် ကုမ္ပဏီ ၁၄၀ ကျော်ရှိ

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသို့ ပြောင်းဆန်တင်ပို့မည့် ကုမ္ပဏီများ စိစစ်မှတ်ပုံတင်ခြင်းဆိုင်ရာ စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI Form) စာရင်းတင်သွင်းလာသည့် ကုမ္ပဏီ ၁၄၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာဖြိုးကိုကိုနိုင်က ဆင်ဟွာသို့ ယနေ့ မေ ၁၈ ရက်တွင်ပြောသည်။

ဒေါက်တာဖြိုးကိုကိုနိုင်က “EOI Form စာရင်းတင်သွင်းလာတဲ့ ကုမ္ပဏီတွေကို စားသုံးသူရေးရာဦးစီးဌာန နဲ့ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနဲ့ စမ်းသပ်မှုလုပ်ငန်းလီမီတက် MITS က တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေး ခြင်းတွေကို လုပ်ဆောင်နေပါတယ်’’ ဟုပြောသည်။

ယင်းသို့စစ်ဆေး၍ ရရှိလာသော သုံးသပ်ချက်နှင့် ရလဒ်အဖြေများအား စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ အတွင်းဝန်များ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့ကထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း၎င်းကဆိုသည်။

“တရုတ်နိုင်ငံဘက်ကိုလမ်းကြောင်း ပွင့်သွားရင် လုပ်ငန်းရှင်တွေအနေနဲ့ logistic ပိုင်းမှာ အများကြီးသက်သာသွားမှာပါ။ အရည်အသွေးစစ်ဆေးပြီး အောင်တဲ့ ကုမ္ပဏီတွေက တရုတ်နိုင်ငံကို တင်ပို့ခွင့်ရမှာပါ။ပြောင်းဈေးကွက်က လက်ရှိမှာတော့ အတက်ဘက်မှာ ရှိနေပါတယ်။’’ ဟု၎င်းကဆက်ပြောသည်။

ဇူလိုင်လ နှင့် သြဂုတ်လတို့တွင်တရုတ်နိုင်ငံသို့ ပြောင်းဆန်များ စတင် တင်ပို့ခွင့်ရရှိနိုင်မည်ဟုခန့်မှန်းထားကြောင်း ၎င်းကဆိုသည်။ (Xinhua)