Connect with us

Culture & Entertainment

မြန်မာ့ ရိုးရာ သီတင်းကျွတ် မီးထွန်း ပွဲတော်အား ရန်ကုန်မြို့ အထင်ကရ နေရာများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်မြို့၌ သီတင်းကျွတ် မီးထွန်း ပွဲတော်ကာလ အတွင်း မီးအလှဆင် ထွန်းညှိမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

မြန်မာ့ ရိုးရာ သီတင်းကျွတ် မီးထွန်းပွဲတော်ကာလ ဖြစ်သော သီတင်းကျွတ် လပြည့်နေ့ ၊ အောက်တို ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ အထင်ကရ နေရာများတွင် မီးအလှဆင် ထွန်းညှိထားမှုများ ၊ ဖျော်ဖြေရေး အစီအစဉ် များဖြင့် ပြည်သူများ ပါဝင် ဆင်နွှဲမှုနှင့် အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်း သိရသည်။ 

ပွဲတော် ကာလတွင် အထင်ကရ နေရာ တစ်ခု ဖြစ်သည့် ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်ကို သိမ်ဖြူမီးပွိုင့်မှ စတင်ကာ ဗိုလ်တထောင် ဘုရားလမ်းထိပ် အထိ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက် ၊ ရေကျော်လမ်းမှ အထက်ပုဇွန်တောင်လမ်းအထိ ပျော်ပွဲရွှင်ပွဲများ ၊ ကလေး ကစားစရာမျိုးစုံ၊ မြန်မာမုန့်မျိုးစုံနှင့် ဈေးဆိုင်ခန်းများဖြင့် အောက်တိုဘာ ၁၀ ရက်မှ စတင်၍ အောက်တိုဘာ ၁၄ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့၌ သီတင်းကျွတ် မီးထွန်း ပွဲတော်ကာလ အတွင်း မီးအလှဆင် ထွန်းညှိမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

ရန်ကုန်မြို့၌ သီတင်းကျွတ် မီးထွန်း ပွဲတော်ကာလ အတွင်း မီးအလှဆင် ထွန်းညှိမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ အပန်းဖြေနိုင်ရန် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံ နှင့် ကားရပ်နားရန် ဧရိယာများတွင် ရှမ်းအိုးစည်ပုံ ၊ ဇီးကွက်ပုံ ၊ ဆွမ်းအုပ်ပုံ ၊ ယုန်ပုံ ၊ ဆီမီးခွက်များ ၊ ဒန်းများကို မီးလုံးများဖြင့် မီးအလှဆင် ပုံဖော်ထားလျက် ရှိရာ လာရောက် ကြည့်ရှုသူ အများအပြားဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။ 

ထို့အတူ  ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ မြန်မာ့ကာတွန်း မီးပုံးပွဲတော်ကို သီတင်းကျွတ် မီးထွန်းပွဲတော်ကာလ အောက်တိုဘာ ၁၂ ၊ ၁၃ ၊ ၁၄ ရက်များတွင် နေ့စဉ် နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ ခင်းကျင်းပြသထားလျက် ရှိကြောင်း သိရသည်။မြန်မာ့ကာတွန်း မီးပုံးပွဲတော်တွင် ကာတွန်းပညာရှင်များ၏ တစ်ကွက် ကာတွန်းလက်ရာများကို ဗီနိုင်းစတွင် ရိုက်နှိပ်ကာ မီးပုံးပုံသဏ္ဌာန် ပြုလုပ်၍ အလယ်တွင် မီးထွန်းပြသထားပြီး သက်ကြီးလူရွှင်တော်ကြီး များနှင့် ကာတွန်း ဆရာကြီး များအား ဂါရဝပြုရန် စီစဉ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် သီတင်းကျွတ် မီးထွန်းပွဲတော်မှာ အထင်ရှားဆုံး ပွဲတော်များတွင် တစ်ခု အပါအဝင် ဖြစ်ပြီး  ပွဲတော် အချိန်ကာလတွင် သက်ကြီးဝါကြီး လူကြီး မိဘ ဆရာသမားများအား ပူဇော် ကန်တော့ခြင်း များအား ပြုလုပ်ကြသည့် အပြင် နေအိမ် ၊ ရပ်ကွက် ၊ လမ်း နေရာတိုင်းတွင် ရောင်စုံမီးများ ထွန်းညှိ၍ သီတင်းကျွတ် ဆီမီးထွန်း ပွဲတော်အား ဆင်နွှဲကြသည်။ (Xinhua)