Connect with us

Culture & Entertainment

ညောင်ရွှေ ဟော်နန်း ရေရှည်တည်တံ့ရန် ပညာရှင်များ၊ ငွေကြေး sponsor များ လိုအပ်နေ

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ စဝ်ရွှေသိုက်တို့ မိသားစု နေထိုင်ခဲ့သည့် ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ ညောင်ရွှေဟော်နန်းကို ရှမ်းပြည်နယ်၏ Heritage အဖြစ် ရေရှည် တည်တံ့နိုင်ရန် ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ဘဏ္ဍာရေး sponsor များ လိုအပ်နေသည်ဟု ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ညောင်ရွှေဟော်နန်းကို ရှမ်းပြည်နယ်ရဲ့ သမိုင်းဝင် Heritage အဖြစ် ထိန်းသိမ်း မြှင့်တင် ဆောင်ရွက် ပေးခြင်းဖြင့် Heritage Tourism ဖွံ့ဖြိုးမှုက တစ်ဆင့် ဒေသခံများ ဝင်ငွေနဲ့ အလုပ်အကိုင်တွေ ရရှိလာနိုင် ပါမယ်။ ဒီလိုဖော်ထုတ်ဖို့က လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ အတွေ့အကြုံရှိသူ တွေရဲ့ အကြံပြုချက်များ၊ ပံ့ပိုးမှုများနဲ့ ဒေသခံများရဲ့ အားပေးကူညီမှုများ လိုအပ်နေပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။
ညောင်ရွှေ ဟော်နန်းအား ပြုပြင်ပြီး ခရီးသည်များ အတွက် ဟိုတယ် ညဈေး အဖြစ် တစ်ပတ်လျှင် နှစ်ရက် ဖွင့်လှစ်ပေးရန် စီစဉ်နေသည်ဟု သတင်းများ ပြန့်နှံ့လျက်ရှိခြင်းကြောင့် ထိုသို့ဆောင်ရွက်ရန် တရားဝင် ခွင့်ပြုချက် ရှိ မရှိ၊ ရှိပါက မည်သည့် ဘဏ္ဍာငွေဖြင့် မည်သို့ဆောင်ရွက်နေသည်ကို ဒေသခံ ပြည်သူတို့အား ပွင့်လင်း မြင်သာစွာ ချပြနိုင်မှု ရှိ မရှိ ဟူသည့် မိုင်းပန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မိုးက ကြယ်ပွင့်ပြ မေးခွန်းကို ပြည်ထောင်စု ဝန်ကြီးက ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဟော်နန်းကို ဟိုတယ်ညဈေး လုပ်ဖို့အစီအစဉ် conceptual အဆင့်မှာပဲ ရှိပါသေးတယ်။ ဟော်နန်း ပြင်ဆင်ဖို့ ပြင်သစ်နိုင်ငံမှ ပညာရှင်တစ်ဦး နဲ့လေ့လာ ဆွေးနွေးနေတဲ့ အဆင့်မှာပဲ ရှိသေးပြီး ဆုံးဖြတ်ချက် မချရ သေးပါဘူး၊ ပြုပြင် မွမ်းမံဖို့ကုန်ကျစရိတ် sponsor ပေးမယ့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အဖွဲ့အစည်းများအား ရှာဖွေနေဆဲ ဖြစ်ပါတယ်၊ နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေ ခွင့်ပြုပေးပါက ပိုမို ကောင်းမွန်ပါတယ်” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
ညောင်ရွှေ ဟော်နန်းအား ပြတိုက်အဖြစ် ပြုပြင် ဖြစ်ခဲ့လျှင် ထိုပြတိုက်သို့ကမ္ဘာလှည့် ခရီးသည်များ ညနေ ၆ း ၀၀ နာရီမှ ၁၁ း ၀၀ နာရီအထိ ဝင်ရောက် လေ့လာနိုင်ရန်နှင့် ခရီးသည်များအတွက် ဟော်နန်းဝင်းအတွင်း သစ်ပင်ကြီးများ အောက်ရှိ သတ်မှတ်နေရာ လက်တွန်းလှည်းများဖြင့် ရောင်းသည့် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ဖွယ် ဈေးတန်းကို ရက်သတ္တ တစ်ပတ်လျှင် နှစ်ည ဖွင့်လှစ်ထားခြင်း၊ ဟော်နန်း၏ အပြင် ပတ်လည်တွင် လျှပ်စစ်မီးမောင်းများ တပ်ဆင်ထားကာ ဟော်နန်း သမိုင်းကို အသံလွှင့်စက်များဖြင့် ရှင်းပြခြင်း စသည့် အစီအစဉ်များဖြင့် Heritage Tourism ဖွံ့ဖြိုးရေးများ ပြုလုပ်မည်ဟုလည်း ဝန်ကြီးက ပြောခဲ့သည်။
လက်ရှိ အခြေအနေ၌ ညောင်ရွှေဟော်နန်း အဆောက်အအုံ၊ စော်ဘွားများ၏ အသုံးအဆောင် ပစ္စည်းများ၊ ပန်းချီ၊ ဓာတ်ပုံများ၊ ညောင်ရွှေ ယဉ်ကျေးမှု ပြတိုက်၏ စီမံ ခန့်ခွဲမှုများကို ကို ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ရှမ်းပြည်နယ် အစိုးရထံသ့ို ၂၀၁၃ ခုနှစ် မေလ ၂၉ ရက်နေ့တွင် လွှဲပြောင်း ပေးအပ်ထားပြီး ဟော်နန်း၏ မြေဧရိယာ အဝန်းအဝိုင်းကို ယဉ်ကျေးမှု ဝန်ကြီးဌာနမှ စီမံခန့်ခွဲမြေ အဖြစ် မြေစာရင်းဌာနတွင် မှတ်ပုံတင် ထားရှိကြောင်း၊ ဟော်နန်းမြေ နေရာသည် ရှမ်းပြည်နယ် အစိုးရ၏ စီမံခန့်ခွဲမှု အောက်တွင် ရှိနေကြောင်းနှင့် ဟော်နန်း ပြုပြင်ရန် အစီအစဉ်များ ပေါ်ပေါက်လာပြီး ဘဏ္ဍာငွေ ရလမ်းများ ပေါ်ပေါက်လာပါက ပြည်သူလူထုထံ အသိပေး သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.