Connect with us

Culture & Entertainment

ပုဂံဒေသသည် ၂၀၂၀ မတိုင်မီ UNESCO အသိအမှတ်ပြု ရှေးဟောင်းနယ်မြေ ဖြစ်ရန် ရာနှုန်းပြည့် သေချာဟု ဆို

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပုဂံဒေသ ဘုရား ပုထိုးများ ပြန်လည် ပြုပြင်ရေးအတွက် တရုတ်နိုင်ငံက အကူအညီပေးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုသို့ ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ပုဂံ ရှေးဟောင်း နယ်မြေအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နယ်မြေ အဖြစ် သတ်မှတ် အတည်ပြုရေးကို ၂၀၁၇-၁၈ တွင် UNESCO သို့လျှောက်ထားရန် စီစဉ်လျက် ရှိရာ ယခု အစိုးရ သက်တမ်း အတွင်းမှာပင် ၂၀၂၀ ခုနှစ် မတိုင်မီ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် (World Heritage) နယ်မြေ ဖြစ်ဖို့ ရာနှုန်းပြည့် သေချာကြောင်းဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက ဆင်ဟွာကို ပြောသည်။

“သာသနိက အဆောက်အအုံတွေ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော်လည်း ပုဂံရှေးဟောင်း ဒေသကြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှာ ဝင်ဖို့အတွက်ကတော့ ဆက်လုပ်သွားပါမယ်။ အတိအကျ ပြောရရင်တော့ ၂၀၁၇ – ၁၈ မှာ အမွေအနှစ် စာရင်းကို တင်မှာ ဖြစ်ပါတယ်။ ဒီအစိုးရ သက်တမ်း မကုန်ဆုံး ၂၀၂၀ မတိုင်မီမှာ ပုဂံဟာ UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နယ်မြေ ဖြစ်လာမှာ ရာနှုန်းပြည့် သေချာပါတယ်” ဟု သူရဦးအောင်ကိုက ပြောသည်။
မကြာမီက လှုပ်ခဲ့သည့် ငလျင်ကြောင့် ရှေးဟောင်း သာသနိက အဆောက်အအုံ လေးရာခန့် ပျက်စီးခဲ့သည့် အတွက် ပြန်လည် ပြုပြင်ရဦးမည် ဆိုလျှင် World Heritage အဖြစ် UNESCO ၏ သတ်မှတ် အတည်ပြုချက် ရရှိရန် ပိုပြီး ခက်ခဲလိမ့်မည်ဟု ရှေးဟောင်း ပညာရှင်တို့စိုးရိမ်လျက် ရှိကြသည်။
ထိုသို့သော အခြေအနေတွင် ရှေးဟောင်း သာသနိက အဆောက်အအုံများအား ယခု ပြန်လည် ပြုပြင်ရာတွင် ၁၉၉၅ ခုနှစ် ဝန်းကျင်က ပြုပြင်မှုမျိုးနှင့် မတူကွဲပြားသည့် ရှေးလက်ရာများကို မထိခိုက်စေမည့် ရှေးဟောင်း အဆောက်အအုံပြုပြင် ထိန်းသိမ်းခြင်း ဆိုင်ရာ ကမ္ဘာ့အဆင့်မီ၊ အတွေ့အကြုံရှိ နိုင်ငံတကာ ပညာရှင်များနှင့် ပြုပြင်သွားရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လမ်းညွှန်ထားသည်ဟုလည်း ဝန်ကြီးက ပြောသည်။
“နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လမ်းညွှန်ချက် ပေးပါတယ်။ ဒီစေတီပုထိုးတွေကို ရှေး ဘိုးဘေးတွေက နှစ်ပေါင်း တစ်ထောင်လောက် တည်တံ့အောင် တည်ဆောက်ထားခဲ့ကြတယ်။ အခု ပြန်ပြုပြင်တဲ့အခါမှာ နောင် သားစဉ် မြေးဆက် နှစ်ပေါင်း တစ်ထောင် နှစ်ထောင်မက ဆက်တည်တံ့ နိုင်အောင် နိုင်ငံတကာ နည်းပညာ အကူအညီတွေ ရယူပြီး တည်ဆောက်ရမယ်။ အလျင်စလို မလုပ်ပါနဲ့။ အချိန်လုပြီး မလုပ်ပါနဲ့။ နိုင်ငံတကာ ပညာရှင်တွေ အထူးသဖြင့် UNESCO အဖွဲ့နဲ့ပူးပေါင်းပြီး အသေးစိတ် လေ့လာပြီးမှ Master Plan တစ်ခုကို ရေးဆွဲ ရမယ်။ အဲဒီ master Plan အရပဲ တစ်ဆင့်ချင်း တည်ဆောက်ပါလို့ လမ်းညွှန်ချက် ပေးပါတယ်။ အခု UNESCO နဲ့လည်း စဆွေးနွေးပါတယ်။ UNESCO ကလည်း နည်းပညာရော ပညာရှင်ပိုင်းရော လိုအပ်ချက်အားလုံးကို ကူညီ ပံ့ပိုးမယ်။ ဂျပန်၊ တရုတ်၊ ကိုရီးယား စတဲ့ နိုင်ငံတွေကလည်း ကူညီကြမယ်။ အန်ကောဝပ် ဘုရားကျောင်းကြီးကို တရုတ်နိုင်ငံက ပညာရှင်တွေ ပြုပြင်ပေးခဲ့တာဟာ အင်မတန် အဆင့်မီတယ်လို့UNESCO က ပြောပါတယ်။ ငွေကြေး၊ နည်းပညာ လိုအပ်တဲ့ အကူအညီ အားလုံးကို တရုတ် ပြည်သူ့သမ္မတနိုင်ငံက လုပ်ငန်းကာလ ဘယ်လောက်ပဲ ကြာကြာ ဆုံးခန်းတိုင်အောင် ကူညီသွားမယ်လို့တရုတ်နိုင်ငံ သံအမတ်ကြီးက ပြောသွားပါတယ်။ အလားတူပဲ အိန္ဒိယနိုင်ငံကလည်း သူတို့ကျွမ်းကျင်တဲ့ ဘုရားပုထိုး နံရံကပ် ပန်းချီတွေ ပြုပြင် ထိန်းသိမ်းမှုကို ကူညီသွားဖို့ စီစဉ်ထားပါတယ်” ဟု သူရဦးအောင်ကိုက ရှင်းပြသည်။
ပုဂံဒေသသည် ကမ္ဘာ့ အထင်ရှားဆုံး ရှေးဟောင်းဒေသ ဖြစ်သော်လည်း ယခုအထိ UNESCO အသိအမှတ်ပြု ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်နယ်မြေ အဆင့် မရသေးကြောင်း၊ မရရသည့် အကြောင်းရင်းက ရှေးဟောင်း တန်ဖိုးကို ယခင်ကာလက နားမလည်ခဲ့ခြင်း၊ ပညာရှင်များ၏ ကောင်းမြတ်သော အကြံဉာဏ်များကို အပြည့်အစုံ မရခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.