Connect with us

Education & Health

ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ မြန်မာနိုင်ငံတွင် ကျင်းပမည်

ကမ္ဘာ့စားသုံးသူနေ့ အထိမ်းအမှတ် စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်းအနားအားမြင်တွေ့ရစဉ်(ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊မတ်၂၀ရက်(ဆင်ဟွာ)

စားသုံးသူများ၏အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန်၊ စားသုံးသူပြည်သူများ အသုံးပြုနေသည့် စားသုံးကုန်၊ သုံးစွဲမှီဝဲနေ သည့် ဆေးဝါးအစားအသောက်များနှင့် သက်ဆိုင်သည့် ဗဟုသုတများ ရရှိစေရန်နှင့် ဈေးကွက်တွင်ဖြစ်ပေါ်နေသည့် မတရားအနိုင်ကျင့်မှု များနှင့် နစ်နာဆုံးရှုံးမှုများ သိရှိနိုင်ရန်အတွက် ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ”ကမ္ဘာ့စားသုံးသူအခွင့် အရေးနေ့” ကျင်းပမည်ဖြစ်ကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဦးဟန်က ပြောသည်။

အဆိုပါ ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ကို မြန်မာနိုင်ငံတွင် ပထမဦး ဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး မတ် ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး စီးပွား၊ ကူးသန်းရုံးတွင် ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ အထိမ်း အမှတ်ကျင်းပရေး စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

စားသုံးသူအခွင့်အရေးနေ့သည် ၁၉၆၂ ခုနှစ် မတ် ၁၅ ရက်တွင် နိုင်ငံတကာစားသုံးသူများ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် စည်းလုံးညီညွတ်မှုကို အကြောင်းပြု၍ အမေရိကန်နိုင်ငံသမ္မတ ဂျွန်အက်ဖ် ကနေဒီမှ စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီသည် စားသုံးသူများ၏ အခွင့်အရေးနှင့် အခြေခံမူအဖြစ် ဘေးဥပဒ်အန္တရာယ်ကင်းစွာ စားသုံးနိုင်ခွင့်၊ မိမိစိတ်ကြိုက် ရွေးချယ်နိုင်ခွင့်၊ သတင်းအချက်အလက်ပြည့်စုံစွာရရှိနိုင်ခွင့်၊ တိုးတက်နေသည့် ဝန်ဆောင်မှုများအား ကြားနာသိရှိနိုင်ခွင့် လေးချက် ကို ကြေညာပြီးနောက် နောက်တိုးလေးချက်အား ဆက်လက်ကြေညာ ခဲ့ကြောင်းနှင့် ၁၉၈၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စားသုံးသူများ၏ အခွင့်အရေးနှင့် ပတ်သက်၍ အခြေခံလမ်းညွှန်မှုများ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍ စားသုံး သူကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတတိုးစေရန် ရည်ရွယ်ချက်ဖြင့် ၂ဝ၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါဌာနအောက်တွင် စားသုံးသူအကာအကွယ် ပေးရေးဌာနခွဲ များအား ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် စတင်ဖွဲ့စည်းခဲ့သည်။ ၂ဝ၁၅ခုနှစ် ဧပြီ ၁ ရက်နေ့တွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းတာဝန်များဆောင်ရွက်ရန်ဖွဲ့စည်းခဲ့သည့် စားသုံးသူ အကာအကွယ်ပေးရေးဌာနခွဲများသည် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအမည်ဖြင့် လုပ်ငန်းတာဝန်များအား လွှဲပြောင်းရယူ၍ စတင်ဆောင် ရွက်ခဲ့သည်။

စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူဘက်မှ နစ်နာသည်ဟုယူဆ၍ တိုင်ကြားလိုပါက တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ရုံးများနှင့် အဆိုပါအဖွဲ့အောက်ရှိ စားသုံးသူတိုင်ကြားမှု လက်ခံရေးကော်မတီတို့တွင် နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း သိရသည်။

စားသုံးသူတစ်ယောက်အနေဖြင့် ဖြစ်စဉ်၊ နေ့ရက်၊ အချိန်နှင့် ဓာတ်ပုံအထောက်အထားရှိပါက ဓာတ်ပုံဖြင့် မိမိ၏ဆုံးရှုံးနစ်နာမှုအား အထောက်အထားခိုင်လုံစွာ တင်ပြတိုင်ကြားပါက တိုင်ကြားမှုကော်မတီမှ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူအငြင်း ပွားမှု ဖြေရှင်းရေးအဖွဲ့သို့တင်ပြကာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သည်။

တိုင်ကြားမှုများအား စားသုံးသူကာကွယ်ရေး ဥပဒေအရ စီမံခန့်ခွဲရေး ဆိုင်ရာပြစ်ဒဏ်နှင့် ရဲစခန်းသို့ တိုင်ကြား၍ ချမှတ်သည့် ပြစ်မှုနှင့်ပြစ်ဒဏ် ဟူ၍ နှစ်မျိုး ခွဲထားသည်။စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်အနေဖြင့် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့ကချမှတ်သည့် ပြစ်ဒဏ်များမှာ လုပ်ငန်းရှင်အား ပြင်းထန်စွာ သတိပေးခြင်း၊ လျော်ကြေးတောင်းခြင်း၊ ကုန်ပစ္စည်းဖြန့်ချိမှု ရပ်ဆိုင်း ခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်များအား ဖျက်သိမ်း ခြင်း၊ ကုမ္ပဏီဖျက်သိမ်းခြင်းများနှင့် လိုင်စင်ရုပ်သိမ်း သည်အထိ အရေးယူမှုများ ပြုလုပ်နိုင်သည်။

ရဲစခန်းသို့ ကိုယ်တိုင်သွားရောက်တိုင်ကြား၍ ချမှတ်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်မှာ စုံစမ်းစစ်ဆေးရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုများပြားပါက လုပ်ငန်းရှင် အား ထောင်ဒဏ်သုံးနှစ်နှင့် ဒဏ်ငွေကျပ်သိန်း ၅ဝ အထိ ချမှတ်နိုင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.