Connect with us

Education & Health

ကျေးလက်နေ ပြည်သူများ ကျန်းမာရေး မြှင့်တင်ရန် ဌာန ၇၈ ခုအား လာမည့်နှစ်တွင် အပြီး တည်ဆောက်မည်

ကျေးလက်ဒေသ လူနေမှု မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်းတွင် ကျေးလက်ဒေသရှိ ပြည်သူများအတွက် ကျန်းမာရေး မြှင့်တင်ရန်နှင့် ကျန်းမာရေး မညီမျှမှုများကို လျှော့ချရန် ကျန်းမာရေးဌာန ၇၈ ခုအား ၂၀၁၇ ခုနှစ်တွင် အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း 3 MDG ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ယခုအခါတွင် ပထမအဆင့် အနေဖြင့် မကွေးတိုင်း ဒေသကြီး အတွင်း ကျန်းမာရေးဌာန ၁၇ ခုကို တည်ဆောက် ပြီးစီး၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ကျန်ရှိနေသည့် ကျန်းမာရေး ဌာန ၆၁ ခုကို ဧရာဝတီ၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းနှင့် ရန်ကုန် တိုင်းဒေသကြီး၊ ချင်း၊ ကယားနှင့် ရှမ်းပြည်နယ် တို့တွင် တည်ဆောက်လျက် ရှိကြောင်း သိရသည်။

ကျေးလက်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ သွားလာစရိတ် ကြီးမြင့်ခြင်းနှင့် ကျန်းမာရေး ဌာနများ၊ ပစ္စည်းကိရိယာများ မလုံလောက်ခြင်းနှင့် အရည်အသွေး မပြည့်ဝခြင်း စသော အကြောင်းရင်း များကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရေးမှာ စိန်ခေါ်မှု တစ်ရပ်အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း ၊ ကျေးလက်နေ ပြည်သူများမှာ မြို့ပြတွင် နေထိုင်သူများထက် ကျန်းမာရေး အခြေအနေ နိမ့်ကျနေပြီး သက်တမ်း နိမ့်ပါးခြင်းနှင့် မိခင်နှင့် ကလေး သေဆုံးမှုနှုန်း မြင့်မားခြင်း စသည်တို့ကို ကြုံတွေ့နေကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေး ဌာနများသည် မိခင်၊ မွေးကင်းစကလေးနှင့် ကလေး ကျန်းမာရေး၊ ကလေးမီးဖွားစဉ် ကြုံတွေ့ရသော အသက်အန္တရာယ်များကို လျှော့ချနိုင်ရန် ၊ ဒေသခံ ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် တီဘီရောဂါနှင့် ငှက်ဖျားရောဂါ ကဲ့သို့သော ကူးစက် ရောဂါများကို တိုက်ဖျက်ရာတွင် ကူညီ ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဌာန တည်ဆောက်ရေး လုပ်ငန်းများကို ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေ (3MDG) မှ ရန်ပုံငွေပံ့ပိုးပေးထားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် 3MDG တို့ ပူးပေါင်း တည်ဆောက်လျက် ရှိကြောင်း သိရသည်။
ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေ (3MDG) ကို အလှူရှင်နိုင်ငံ ၇ နိုင်ငံဖြစ်သော သြစတေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့က ရန်ပုံငွေ မတည်ပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.