Connect with us

Education & Health

ကွမ်းယာနှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှု ထိန်းချုပ်ရန် မီဒီယာ အကူအညီ ရယူူမည်

နေပြည်တော်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ကွမ်းယာနှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှု ထိန်းချုပ်ရန် မီဒီယာ၏ အကူအညီ ရယူူ ဆောင်ရွက်သွားမည် ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ ပြောကြားခဲ့သည်။

“ဆေးလိပ်တွေ ကွမ်းယာတွေကို မရောင်းရ၊ မထုတ်ရ လို့ အမိန့်နဲ့ လုပ်လို့မရဘူး၊ ဒီတော့ Supply and Demand မှာ Demand နည်းသွားအောင် လုပ်ရမယ်၊ လူတွေ ဆေးလိပ် မဝယ်ရင် ကွမ်းယာ မဝယ်ရင် ရောင်းသူတွေလည်း လျော့သွားမှာပဲ၊ ဒီတော့ ဆေးလိပ် မသောက်အောင် ကွမ်းမစားအောင် လုပ်ဖို့က စွမ်းအား ကြီးမားတဲ့ မီဒီယာရဲ့ အကူအညီကို ထိရောက်စွာ ရယူ ဆောင်ရွက်သွားပါမယ်” ဟု နေပြည်တော် ဝန်ကြီးရုံး အမှတ်(၄)တွင် ကျင်းပသည့် ကွမ်းယာနှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှု ထိန်းချုပ်ရန် မီဒီယာမှတစ်ဆင့် လူထု လှုံ့ဆော် လှုပ်ရှားပွဲ အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ကွမ်းယာနှင့် ဆေးလိပ်ဆိုးကျိုးများအား ပြည်သူကို အသိပေးရာတွင် မီဒီယာက ပိုင်ပိုင်နိုင်နိုင် ရေးသား တင်ပြနိုင် ပြောဆိုနိုင်စေဖို့ ဝန်ကြီးဌာနအနေဖြင့် စာရင်းဇယားများမှအစ မှန်မှန်ကန်ကန် တိတိကျကျ ပေးရမည်ဖြစ်ပြီး၊ ထိုသို့ ပေးနိုင်ရန် ဌာနအားလုံးအား ပြောထားပြီးဖြစ်ကြောင်း၊ သတင်းအချက် အလက်များနှင့် ပတ်သက်ပြီး မီဒီယာအား ပုံမှန် ထုတ်ပြန် (Regular Supply)ပေးပို့သွားမည် ဖြစ် ကြောင်း၊ ဆေးလိပ် ဆေးရွက်ကြီးများ၏ ဆိုးကျိုးများနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဖြစ်ရပ် မှန်များ ပါဝင်သည့် စာအုပ်ကို လည်း မကြာမီ ထုတ်ဝေသွားမည်ဖြစ်ကြောင်း လည်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက “ဆေးလိပ်နဲ့ ကွမ်း ကိစ္စကို ဒီနေ့က စပြီး အမျိုးသား အဆင့် သတ်မှတ်ပြီး အပြတ်လုပ်ရမယ်၊ သေသေချာချာ ကိုင်တွယ်ရမယ်၊ မြန်မာနိုင်ငံရဲ့၉ ဒသမ ၅ သန်းသော ကလေးငယ်တွေ ဆေးလိပ်နဲ့ ကွမ်း မသောက် မစားဘူးဆိုရင် သူတို့ ကြီးလာမယ့် နောက်မျိုးဆက် တစ်ခုလုံးအတွက် ကောင်းသွားပြီ၊ သူတို့ ဆေးလိပ်မသောက်အောင် ကွမ်းမစားအောင် မီဒီယာ တွေက ထိထိရောက်ရောက် ပညာပေးရမယ်၊ ဒီလို ကျန်းမာရေး အသိတွေကနေ action တွေ ဖြစ် လာမယ်၊ ဒါဆိုရင် နောက်မျိုးဆက်တွေမှာ ဆေးလိပ် ကွမ်းယာကြောင့် ဖြစ်ရတဲ့ ရောဂါကုရတဲ့ စရိတ်တွေ အများကြီး လျော့သွားမယ်၊ ဒီဘတ်ဂျက်တွေကို တခြားသော ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေမှာ သုံးစွဲလာနိုင်မယ်၊ မြန်မာတွေရဲ့ သက်တမ်းကလည်း ပိုမြင့်လာမယ်” ဟု ပြောခဲ့သည်။

မြန်မာ ပြည်သူ ခုနစ်သန်းကျော်တို့သည် ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံပါသည့် ကွမ်းယာကို နေ့စဉ် စားသုံးလျက်ရှိပြီး ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲခြင်းကြောင့် သေဆုံးသူဦးရေမှာလည်း နှစ်စဉ် ခြောက်သောင်းကျော်(သေဆုံးသူ အားလုံး၏ ၉၅ ရာခိုင်နှုန်း)ရှိကြောင်း၊ လူသားတို့၏ အသက် အန္တရာယ်ကို ကြီးမားစွာ ခြိမ်းခြောက်နေသော ဆေးရွက်ကြီးထွက် ပစ္စည်း သုံးစွဲမှု၊ ကွမ်းယာ သုံးစွဲမှု၏ နောက်ဆက်တွဲ ပြသနာများကို ဟန့်တားနိုင်ရေးအတွက် မီဒီယာ အသီးသီးက ပညာပေး လှုံ့ဆော်မှု များ စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.