Connect with us

Education & Health

မကူးစက်နိုင်သော ရောဂါများ ကာကွယ် ကုသရေး လုပ်ငန်းများကို အထူးဦးစားပေး လုပ်ငန်း တစ်ရပ် အဖြစ် သတ်မှတ် လုပ်ဆောင်လျက်ရှိ

မကူးစက်နိုင်သော ရောဂါများ ဆိုင်ရာ စီမံချက် မန်နေဂျာများနှင့် ညှိနှိုင်း အစည်းအဝေး (ပထမအကြိမ်) အား ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အနေဖြင့် မကူးစက်နိုင်သော ရောဂါများ ကာကွယ် ကုသရေး လုပ်ငန်း များကို အထူးဦးစားပေး လုပ်ငန်း တစ်ရပ်အဖြစ် သတ်မှတ် လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါဖြစ်ပွားမှုနှင့် ရောဂါ၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ များကြောင့် သေဆုံးမှု များပြားလျက်ရှိခြင်း ၊ မကူးစက်နိုင်သော ရောဂါများနှင့် စပ်လျဉ်း၍ ယခုအချိန်တွင် အလေးထား မဆောင်ရွက်ပါက လာမည့် (၅) နှစ် – (၁၀) နှစ်တာ ကာလအတွင်း ကာကွယ်ထိန်းချုပ်ကုသရန် ဝန်ထုတ်ဝန်ပိုး အလွန်ကြီးမားသည့် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လာမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မကူးစက်နိုင်သော ရောဂါများ ဆိုင်ရာ စီမံချက် မန်နေဂျာများနှင့် ညှိနှိုင်း အစည်းအဝေး (ပထမအကြိမ်)အား အောက်တိုဘာ ၁၉ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။မကူးစက်နိုင်သော ရောဂါများ ကာကွယ် နှိမ်နင်းရေး ဌာနခွဲကို လူအင်အား ဖြည့်ဆည်းပေးခြင်းနှင့် ရောဂါ ဖြစ်ပွားမှုကို စောစီးစွာ သိရှိရန်နှင့် ကုသမှုခံယူနိုင်ရန်အတွက် ကျေးလက်ကျန်းမာရေး ဌာနများတွင် “မကူးစက်နိုင်သော ရောဂါများ ကာကွယ် ကုသရေး ဆေးခန်းများ (NCD clinics)” ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု၊ အရက်အလွန်အကျွံ သောက်သုံးမှု၊ အဆီ၊ အငန်နှင့် အချို လွန်ကဲစွာ စားသုံးမှု၊ ဘေးအန္တရာယ်ရှိသော ဆိုးဆေးနှင့် ဓာတုဗေဒ ပစ္စည်းများ ပါဝင်သော စားသောက် ကုန်များ စားသုံးမှု၊ ကိုယ်လက်လှုပ်ရှား နည်းပါးသော ဘဝ နေထိုင်မှုပုံစံ စသည့် မကူးစက်နိုင်သော ရောဂါ များကို ဖြစ်စေနိုင်သည့် အဓိက အကြောင်းချင်းရာများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် လျှော့ချ နိုင်ရေး အတွက် သီးသန့်စီမံချက် တစ်ခု ဖွဲ့စည်းတည်ထောင်၍ တာဝန်ပေး ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။

မကူးစက်နိုင်သော ရောဂါများနှင့် စပ်လျဉ်း၍ ပြည်သူများ ကိုယ်တိုင် တက်တက်ကြွကြွ ဦးစီး ဆောင်ရွက်သည့် ကာကွယ်တားဆီး ပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်လာစေရန် အထိ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ယနေ့ပြုလုပ်သော အစည်း အဝေးသည် မကူးစက်နိုင်သော ရောဂါများ ကာကွယ်ကုသမှု လုပ်ငန်းများ ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အတွက် လှုံ့ဆော်သော အစည်းအဝေး တစ်ရပ်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပထမဦးစားပေး အနေဖြင့် ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)