Connect with us

Education & Health

နေပြည်တော် ခုတင် (၁၀၀၀)ဆေးရုံ၌ နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်း ဖွင့်လှစ်

နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်းအားတွေ့ရစဉ်(ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

နေပြည်တော်ပြည်သူ့ဆေးရုံကြီး – ခုတင် (၁၀၀၀)၌ နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်း (Cardiac Catheterization Laboratory)အား အောက်တိုဘာလ (၈)ရက်တွင် ဖွင့်လှစ်လိုက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော သတင်းအရ သိရသည်။

အဆိုပါ စမ်းသပ်ကုသခန်း ဖွင့်လှစ်ခြင်းအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်ပြီး အမှာစကားပြောကြားခဲ့သည်။

နှလုံးနှင့် သွေးကြောရောဂါများသည် အခြားရောဂါများနှင့်မတူဘဲ အချိန်မီစနစ်တကျကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်သည်ဖြစ်၍ ယခုကဲ့သို့ နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်းကို ဖွင့်လှစ်၍ နှလုံးနှင့် သွေးကြောရောဂါဝေဒနာရှင်ပြည်သူများကို ကုသပေးနိုင်ခြင်းမှာ အလွန်ပင်အရေးကြီးပြီး ပြည်သူများအတွက် လည်း အကျိုးကြီးမားကြောင်း၊များပြားလှသော နှလုံးနှင့်သွေးကြောရောဂါဝေဒနာရှင် လူနာများကို အရည်အသွေး ပြည့်ဝစွာကုသမှုပေးနိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေးကျင့်ဝတ်များ (public health ethics) နှင့် အညီ ယခုကဲ့သို့ နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်းကို ဘဏ္ဍာငွေများ ရင်းနှီး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

နှလုံးနှင့် သွေးကြောဆေးပညာရပ်ကဏ္ဍ ယခုထက် ပိုမိုတိုးတက်မြင့်မားရေးအတွက် နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဆောင်ရွက်သွားစေလိုကြောင်း ၎င်းကဆိုသည်။

နေပြည်တော်ပြည်သူ့ဆေးရုံကြီး – ခုတင် (၁၀၀၀) တွင် နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသစက်ကို မြန်မာငွေကျပ် (၁.၄၄) ဘီလီယံခန့်အကုန်အကျခံ၍ စက်တင်ဘာ ၃၀ ရက်၌ တပ်ဆင်ပြီးစီးခဲ့ပြီး အဆိုပါစက်ဖြင့် အောက်တိုဘာ ၄နှင့်၅ ရက်နေ့များတွင် နှလုံးနှင့် သွေးကြောရောဂါဝေဒနာရှင် လူနာ (၈)ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသမှုပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.