Connect with us

Education & Health

ချစ်ကြည်ရေး တက္ကသိုလ်အဆောင် လွှဲပြောင်းအပ်နှံပွဲ မိတ္ထီလာတွင် ကျင်းပ

နေပြည်တော်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် တရုတ် – မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးက ဆောက်လုပ် လှူဒါန်းသည့် ကျောင်းသူများ အိပ်ဆောင်အသစ်အား လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ အဆိုပါ တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဇနီး၊ သံမှူးများနှင့်အတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာ ဝန်ကြီး၊ မိတ္ထီလာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် ပါမောက္ခချုပ်တို့ တက်ရောက်ခဲ့ကြပြီး အဖွင့်စကား၊ အမှာစကားနှင့် ကျေးဇူးတင်စကားများ အသီးသီး ပြောကြားခဲ့ကြသည်။

အဆိုပါ ကျောင်းသူအဆောင် လှူဒါန်းခြင်းနှင့် ပတ်သက်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ် ကြီး မစ္စတာ ဟုန်လျန်က “မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှာ တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်း များ တည်ဆောက်လာခဲ့တာ ဒီနေ့အထိ ၁၆ ကျောင်းရှိပါပြီ၊ မြန်မာလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်က ချစ်ကြည်ရေးကျောင်းကွန်ယက်ထဲမှာ ပထမဆုံးသော ကျောင်းဖြစ်ပါတယ်၊ ဒီနေ့စတင် အသုံးပြုလာတဲ့ ကျောင်းသူ ကျောင်းသား ဘော်ဒါဆောင်ကြောင့် တက္ကသိုလ်ရဲ့ Hard ware ဆိုင်ရာ အခြေအနေ တိုးမြင့်စေပြီး မြန်မာနိုင်ငံ အာကာသ လုပ်ငန်းကို မျှော်မှန်း တွန်းအားပေးချင်တဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် ဘော်ဒါဆောင်ပိုင်းမှာရော ပညာသင်ယူရေးမှာပါ ပိုမိုအဆင်ပြျေနိုင်မယ်လို့ယုံကြည်ပါတယ်” ဟု ပြောခဲ့သည်။

တရုတ်သံရုံးသည် တရုတ် – မြန်မာ ချစ်ကြည်ရေး ပညာသင်ဆုနှင့် ထောက်ပံ့ကြေး စီမံကိန်းကို ထူထောင်ထားပြီးဖြစ်ရာ တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းများမှ အဆိုပါ ပညာသင်ဆုနှင့် ထောက်ပံ့ကြေးကို ဦးစားပေး ခံစားခွင့် ရှိကြောင်း၊ ယခု တက္ကသိုလ်အတွက် ပထမအကြိမ်အဖြစ် ပညာသင် ထူးချွန်ကြေးနှင့် ထောက်ပံ့ကြေး စုစုပေါင်း ကျပ် သိန်း ၂၀၀ ကို လှူဒါန်းပါကြောင်းလည်း သံအမတ်ကြီးက ပြောခဲ့သည်။

ထို့နောက် သံအမတ်ကြီးက ပါမောက္ခချုပ်ထံ တရုတ် – မြန်မာ ချစ်ကြည်ရေး တက္ကသိုလ် အဆောင်လွှဲပြောင်းပေးအပ်ခြင်း၊ ပညာရေး ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ ပါမောက္ခချုပ်က အမှတ်တရ လက်ဆောင် ပြန်လည်ပေးအပ်ခြင်း၊ ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ အဆောင်ကို တာဝန်ယူ ဆောက်လုပ်ပေးသည့် ဆောက်လုပ်ရေး ကုမ္ပဏီအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ပေ ၂၀၀ ပတ်လည်အတွင်း ဆောက်လုပ်ထားသည့် ကျောင်းသူ ၁၉၂ ဦးနှင့် အဆောင်မှူး နှစ်ဦး နေထိုင်နိုင်သည့် အဆိုပါ နှစ်ထပ်အိပ်ဆောင် အတွက် ကျပ် သိန်း တစ်သောင်းခွဲခန့် ကုန်ကျခဲ့သည် ဟု တာဝန်ယူ ဆောက်လုပ်ခဲ့သော Shan Shui Construction Engineering Co., Ltd. (Art Wave Group Companies) မှ ဦးသစ္စာက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.