Connect with us

Education & Health

တွေးခေါ်မြော်မြင်နိုင်မှုကို ဆန်းစစ်ဖော်ထုတ်သောမေးခွန်းများ အား ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာ တွင် ပိုမိုထည့်သွင်းသွားမည်

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီး ထွက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

တွေးခေါ်မြော်မြင်နိုင်မှုကို ဆန်းစစ်ဖော်ထုတ်သောမေးခွန်းများ အား ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာ တွင် ပိုမိုထည့်သွင်းမည် ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းလွှာပုံစံသစ်ကို ၂ဝ၁၉ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် စတင်ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း အများပြည်သူသိရှိ နိုင်စေရန်အတွက် အနည်းဆုံးတစ်နှစ် ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းလွှာပုံစံ (Question Format) လုံးဝပြောင်းလဲမည်မဟုတ်ကြောင်း၊ ဆိုလိုသည်မှာ မေးခွန်းတည်ဆောက်မှု ပုံစံအနေဖြင့် ယခင်နှစ်များအတိုင်းသာဖြစ်ကြောင်း၊ သို့ရာတွင် ဘာသာရပ်တစ်ခုချင်း အပေါ်မူတည်၍ အချို့သောဓမ္မဓိဋ္ဌာန်မေးခွန်း၊ မေးခွန်းတို၊ မေးခွန်းရှည်များကို ကျောင်းသုံးစာအုပ်ထဲက ပြဋ္ဌာန်းထားသည့်အတိုင်း တစ်ထပ်တည်း မေးမည် မဟုတ်သဖြင့် ကျောင်းသား ကျောင်းသူများအနေဖြင့် အချို့သောမေးခွန်းများ ကို ကိုယ်ပိုင်အတွေးအခေါ်ဖြင့် စဉ်းစားဖြေဆိုကြရမည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းလွှာ၏ အချို့မေးခွန်းများတွင် ကျောင်းသား ကျောင်းသူတို့၏ စဉ်းစားတွေးခေါ်မှုထက် ရွေးချယ်ကျက်မှတ်မှုကို အားပေးသကဲ့သို့ဖြစ်နေကြောင်း၊ သို့ဖြစ်၍ နှစ်စဉ်မေးနေကျ ပုံစံတူမေးခွန်း များအစား တွေးခေါ်မြော်မြင်နိုင်မှုကိုအားပြုသောမေးခွန်းများကို ပိုမိုထည့်သွင်း ခြင်းဖြင့် မေးခွန်း၏အနှစ်သာရ မြင့်မားလာမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူတို့၏ တတ်မြောက်မှုသည်လည်း ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းလွှာတွင် ယခင်နှစ်များက ကဲ့သို့ပင် Objective Type မေးခွန်းများပါဝင်မည်ဖြစ်သည့်နည်းတူ သင်ရိုး တစ်ခုလုံးကိုခြုံငုံ၍ စဉ်းစားတွေးခေါ်ဖြေဆိုရန် လိုအပ်သည့် မေးခွန်းများလည်း ပါဝင်မည်ဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများသည်လည်း မိမိ၏တတ်မြောက်ကျွမ်းကျင်မှုအဆင့်နှင့်အညီ ဖြေဆိုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

သင်ကြားသင်ယူမှုနှင့် စစ်ဆေးတိုင်းတာမှုလုပ်ငန်းများကို ချိတ်ဆက် အကောင်အထည်ဖော်ရာ၌ သင်ကြားသင်ယူမှုအပိုင်းတွင် ထိုးထွင်းကြံဆမှု၊ တီထွင်ဖန်တီးမှု၊ ပြဿနာဖြေရှင်းနိုင်မှုနှင့် ဝေဖန်ပိုင်းခြားနိုင်မှု အရည်အသွေး များပြည့်ဝလာအောင် လုပ်ဆောင်ပေးရမည်ဖြစ်သကဲ့သို့ စစ်ဆေးတိုင်းတာမှု အပိုင်းတွင် ဆက်စပ်အသုံးချနိုင်မှု၊ ဝေဖန်ပိုင်းခြားနိုင်မှုနှင့် ပြဿနာဖြေရှင်း နိုင်မှုတို့ကို ဦးတည်စစ်ဆေးပေးနိုင်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းလွှာကို ကျောင်းသား ကျောင်းသူများအလွတ်ကျက်မှတ်ဖြေဆိုမှုကိုအားပြုသည့် အလေ့အထမှ ကိုယ်ပိုင်အတွေး အခေါ်ဖြင့် လေ့လာသင်ယူမှုဖြစ်စဉ်အပေါ်တွင် အခြေခံ၍ ဖြေဆိုနိုင်မည့် အလေ့အထသို့ပြောင်းလဲရန်အတွက် တွေးခေါ်မြော်မြင်နိုင်မှုကို ဆန်းစစ်ဖော် ထုတ်သောမေးခွန်းများကို ပိုမိုထည့်သွင်းရမည်ဖြစ်ကြောင်း၊ စာမေးပွဲဆိုသည်မှာ သင်ကြားသင်ယူမှုနှင့် စစ်ဆေးတိုင်းတာမှုကို ချိတ်ဆက်ဆောင်ရွက်ရသောလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

(၂၁) ရာစုနှစ် ကျွမ်းကျင်မှုနှင့် အသိပညာများရရှိစေရန်၊ဘာသာရပ်အလိုက်၊ သင်ခန်းစာတစ်ခုချင်းအလိုက် သင်ရိုးအားလုံး ကျွမ်းကျင်စွာ လွှမ်းခြုံလေ့လာမှုရှိစေရန်၊ဘာသာရပ်သင်ရိုးတစ်ခုစီအတွက် လိုအပ်သည့်အသိပညာဗဟုသုတ (Knowledge)၊ ကျွမ်းကျင်မှု (Skill)၊ အတွေးအခေါ် အယူအဆ (Concept)နှင့် ကောင်းမွန်သောစိတ်နေစိတ်ထား (Attitude)များရရှိစေရန်၊ ဖတ်စာအုပ်ကိုအလွတ်ကျက်မှတ်၍ ဖြေဆိုမှုလျော့နည်းစေရန်၊ကျောင်းသား ကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှု (Critical Thinking) ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စာမေးပွဲပြုလုပ် ၍ စစ်ဆေးတိုင်းတာမှုလုပ်ငန်းသည် အထက်ပါရည်ရွယ်ချက်များ ပေါက်မြောက်ခြင်း ရှိ၊ မရှိ လေ့လာဆန်းစစ်ရသည့် လုပ်ငန်းဖြစ်ကြောင်း၊ သို့ဖြစ်၍ တွေးခေါ်မြော်မြင်မှုနှင့်ဆိုင်သောမေးခွန်းများ ထည့်သွင်းစစ်ဆေး ခြင်းသည် လွန်စွာအရေးကြီးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.