Connect with us

Education & Health

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော သူနာပြုသင်တန်းသားများကို အရေးမယူကြောင်း သတင်းထုတ်ပြန်

မိမိတို့  တောင်းဆိုမှုအတွက် အဖြေ စောင့်မျှော်နေသည့် သူနာပြု အချို့နှင့် ၀န်းရံ ပြည်သူတို့ ကို နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနတွင် ယမန်နေ့က တွေ့ ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၈ ရက် (ဆင်ဟွာ)

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ပုဂ္ဂလိက ဆေးရုံများတွင် သူနာပြုတက္ကသိုလ် သူနာပြုသင်တန်းကျောင်းများမှ စာချုပ်ဖောက်ဖျက်သော သင်တန်းသားများကို ခန့်ထားခြင်း မပြုရန် ဟူသည့် အကြောင်းကြား စာနှင့် ပတ်သက်၍ မတ်လ ၁၅ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော သူနာပြု သင်တန်းသားများအား အရေးယူရန်မရှိကြောင်း ထိုဖြစ်ရပ်အတွက် နှစ်ဘက် ဆက်သွယ် ဆောင်ရွက်ရန် ဝန်ကြီးဌာနက တာဝန်ပေးထားသည့် အဖွဲ့က ယမန်နေ့ညနေ တွင် သတင်းထုတ်ပြန် ခဲ့သည်။

ကုသရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဌေးအောင် ခေါင်းဆောင်ပြီး မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွား ကောင်စီ ဥက္ကဋ္ဌဒေါ်ဖြူဖြူ ပါဝင်သည့် အဖွဲ့ဝင် ခုနစ်ဦး တို့ဖြင့် ဖွဲ့စည်းထားသော ဆက်သွယ် ဆောင်ရွက်ရေး အဖွဲ့၏ သတင်းထုတ်ပြန်စာတွင် —-“ပြည်သူ့ဆေးရုံကြီးများရှိ သူနာပြု အင်အား လွန်စွာ နည်းပါးနေသဖြင့် ပြည်သူ့ကျန်းမာရေး အကျိုးကိုရှေ့ရှု ၍ နိုင်ငံ့အကျိုးကို ထမ်းဆောင်စေလိုသော ရည်ရွယ်ချက်ဖြင့် ကုသရေးဦးစီးဌာနသည် ၂၀၁၇ ဖေဖော်ဝါရီလတွင် အဆိုပါ အကြောင်းကြားစာကို မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများ အသင်းသို့ပေးပို့ခဲ့ကြောင်း၊ ရန်ကုန် သူနာပြု တက္ကသိုလ်နှင့် ရန်ကုန် သူနာပြု သင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည့် ကိစ္စရပ်များအတွက် ဆက်သွယ် ဆောင်ရွက်ပေးရန် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း၊ ဆန္ဒဖော်ထုတ်သူများ တောင်းဆို သည့် လိုင်စင် လက်ဝယ် ကိုင်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ သူနာပြု သားဖွား ကောင်စီက နိုင်ငံ့ တာဝန်ထမ်းဆောင်သူများအား ကိုင်ဆောင်ခွင့် ပြုမည် ဖြစ်ကြောင်း၊ သူနာပြု သားဖွားများသည် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥပဒေနှင့် ချမှတ်ထားသော ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာရမည် ဖြစ်ကြောင်း၊ နောက်နောင် အလားတူ အရေး ကိစ္စရပ်များ ပေါ်ပေါက်ပါက ဌာနတွင်း မိသားစု သဖွယ် ညှိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း နှင့် သူနာပြု သားဖွားတို့၏ လုပ်ငန်းခွင် ပျော်ရွှင်သာယာရေးနှင့် ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ဦးစားပေး အနေဖြင့်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖော်ပြထားသည်။ (Xinhua)