Connect with us

Education & Health

ဆင်ခြင် စဉ်းစား သုံးသပ်သည့် စနစ်အပေါ် အခြေခံသော ပညာရေးစနစ်သို့ ပြောင်းမည်

ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ၌ ပြသမှုများအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပညာရေး စနစ်ကို အလွတ်ကျက်သည့် စနစ်အပေါ် အခြေခံခြင်း မဟုတ်ဘဲ ဆင်ခြင်စဉ်းစား သုံးသပ်သည့် စနစ်အပေါ်မှာ အခြေခံသော ပညာရေး စနစ်အဖြစ်သို့ ပြောင်းမည် ဖြစ်ကြောင်း၊ ထိုသို့ပြောင်းနိုင်အောင်လည်း ကြိုးစားနေကြောင်းဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြောကြားသည်။

“စာ အလွတ်ကျက်တာ သင်ယူခြင်း မဟုတ်ပါဘူး၊ အလွတ်ကျက်တဲ့ စနစ်ဟာ လုံးဝ အသုံးမကျတာတော့ မဟုတ်ပါဘူး၊ မှတ်ဉာဏ်ကောင်းအောင် လေ့ကျင့် ပေးတာမျိုးပါ။ ဒါဟာလည်း တန်ဖိုးထားရမယ့် ကိစ္စပါ။ မှတ်ဉာဏ်ကောင်း ရုံနဲ့လည်း မလုံလောက်ပါဘူး။ ဆင်ခြင် စဉ်းစား သုံးသပ်နိုင်တဲ့ဉာဏ် ကောင်းဖို့ လိုပါတယ်။ အလွတ်ကျက်နေတဲ့ အချိန်မှာ ဆင်ခြင်ဖို့စဉ်းစားဖို့ အချိန်လည်း မရှိဘူး။ အလွတ်ကျက်နေရတာနဲ့ပဲ ကလေးတွေရဲ့ အချိန်က ကုန်သွားတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ပညာရေး စနစ်ကို ပြောင်းမယ်ဆိုတာက အလွတ်ကျက်တဲ့ စနစ်အပေါ် အခြေခံတာ မဟုတ်ဘဲနဲ့ဆင်ခြင် စဉ်းစား သုံးသပ်တဲ့ စနစ်အပေါ်မှာ အခြေခံတာ ဖြစ်အောင် ကျွန်မတို့ ကြိုးစားနေပါတယ်” ဟု ပညာရေး မြင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် ၎င်းက ဆရာ ဆရာမများအား ပြောခဲ့ခြင်း ဖြစ်သည်။
နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း၊ Gold Camp တွင် ပညာရေး ဝန်ကြီးဌာနက သြဂုတ်လ ၄ ရက်မှ ၅ ရက်ထိ ပြုလုပ်မည့် အဆိုပါ နှီးနှောဖလှယ်ပွဲသို့နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ နိုင်ငံတော် သမ္မတ ကတော် ဒေါ်စုစုလွင်နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့လည်း တက်ရောက်ခဲ့ကြသည်။
အဆိုပါပွဲတွင် ဆရာ အတတ်ပညာ ကဏ္ဍကို အဓိကထား ဆွေးနွေးကြပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က တက်ရောက်လာသည့် ဆရာ ဆရာမများအား ၁၅ မိနစ်ခန့် အမှာစကား ပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အမှာစကားတွင် ပညာရေး စနစ်ကို ပြောင်းလဲရာ၌ ဆရာ ဆရာမများ၏ အခက်အခဲများကိုပါ သိရှိပြီး ထည့်တွက်ဖို့လိုကြောင်း၊ လက်ရှိ နည်းပါးလွန်းသည့် ဆရာ (အမျိုးသား ဆရာ) ဦးရေကို တိုးလာအောင် လုပ်ရမည် ဖြစ်ကြောင်း။ စာမေးပွဲ စနစ်၊ သင်ယူမှု စနစ်များကိုလည်း ပြောင်းလဲသွားမည် ဖြစ်ကြောင်း၊ ပညာရေး စနစ် အောင်မြင်သည် ဆိုရာတွင် စာမေးပွဲ၌ ဂုဏ်ထူးများအောင်၊ အောင်ချက် ကောင်းအောင် သင်ကြားနိုင်ခြင်းက အဓိက မကျဘဲ နိုင်ငံ့ အနာဂတ်အတွက် ထိထိရောက်ရောက် ဆောင်ရွက် ပေးနိုင်သည့် နိုင်ငံသားကောင်းများ၊ ကမ္ဘာကြီးကို တိုးတက်အောင် လုပ်ပေးနိုင်သည့် ကမ္ဘာသူ ကမ္ဘာသားကောင်းများ မည်မျှ မွေးထုတ်နိုင်သနည်း ဆိုသည့် အချက်ဖြင့်သာ ဆရာ ဆရာမများ၏ အောင်မြင်မှုကို သေသေချာချာ တိုင်းတာနိုင်ကြောင်း၊ ပညာရေးအတွက် ငွေ ပိုမို သုံးစွဲသွားမည် ဖြစ်ကြောင်း ပါဝင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.