Connect with us

Education & Health

တူရကီ လုပ်ငန်းရှင်တို့ မြန်မာဗီဇာ အခက်အခဲ မရှိရေးအတွက် ဖြေလျှော့နေပြီဟုဆို

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာလက်ကာဘူတိုဂလူ (Mr. Mevlut Cavusoglu) တို့ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

မြန်မာသံရုံး မရှိသေးသဖြင့် မြန်မာနိုင်ငံသို့လာရန် ဗီဇာ အခက်အခဲဖြစ်နေသည့် တူရကီ လုပ်ငန်းရှင် များအတွက် မြန်မာဗီဇာ နှင့် ပတ်သက်သည့် ဖြေလျှော့မှုများကို စတင် ဆောင်ရွက်နေ သည်ဟု မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက်တွင် နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာန ၌ တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ဆုံအပြီး နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်မတို့ကတော့ တစ်ကမ္ဘာလုံးမှာ သံရုံးတွေ ဖြန့်ပြီး ဖွင့်ချင်တာပဲ။ ဖွင့်ဖို့ဆိုတာ ခက်ခဲပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံတကာ သံတမန်ရေးဆက်သွယ်မှုတွေ တိုးတက်အောင်လို့တော့ တစ်ချိန်လုံး ကြိုးစား သွားမှာပါ။ ဗီဇာတွေနဲ့ ပတ်သက်လု့ိလည်း ဖြေလျှော့မှုတွေကို စပြီးတော့ လုပ်နေပါပြီ။ ကျွန်မတို့ နိုင်ငံကို စီးပွားရေးအရပဲ ဖြစ်ဖြစ် မိတ်ဖြစ် ဆွေဖြစ်ပဲ ဖြစ်ဖြစ် လာချင်တဲ့ ပုဂ္ဂိုလ်များ လွယ်လွယ်ကူကူ လာနိုင်ဖို့ အတွက် တစ်ကမ္ဘာလုံး အတွက် လာနိုင်အောင်လို့ စဉ်းစားရတာပါ။ အဲဒါလည်း စဉ်းစားနေပါတယ်။ အလေးအနက်ထားပြီး လုပ်ဆောင်နေပါတယ်” ဟု တူရကီ သတင်းထောက်၏ အမေးကို ပြန်ဖြေရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး H.E.Mr. Mevlut Cavusoglu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာလက်ကာဘူတိုဂလူ (Mr. Mevlut Cavusoglu) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံနေစဉ် (ဓာတ်ပုံ- Senior General Min Aung Hlaing)
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာလတ် ကာဘူတိုဂလူး (Mr. Mevlut Cavusoglu)အား တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် တူရကီနိုင်ငံတွင် မြန်မာ သံရုံး ဖွင့်လှစ်ရေးသာမက နှစ်နိုင်ငံ ကုန်သွယ်ရေး၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလ၌ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးတို့တွင် တူရကီနိုင်ငံက ပါဝင်ရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများ အရေး စသည်တို့လည်း ပါဝင်သည်ဟု ဝန်ကြီးနှစ်ဦးလုံးက မီဒီယာကို ပြောခဲ့သည်။
“နှစ်နိုင်ငံကုန်သွယ်မှု ပမာဏက ဒေါ်လာ ၃၈ သန်း ဖြစ်တော့ ဒါဟာ အရမ်းနည်းတယ်လို့မြင်ပါတယ်။ ဒီထက်ပိုပြီး တိုးတက်ချင်ပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး တွေမှာလဲ တူရကီနိုင်ငံရဲ့ အတွေ့အကြုံတွေကို မျှဝေပြီး ဒီမှာ အလုပ်လုပ်ချင်ပါတယ်။ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကလည်း အရေးကြီးပါတယ်။ ဒါတွေအားလုံးကိုလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်” ဟု တူရကီနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။
ထို့အပြင် ၎င်းက ဒေါ်အောင်ဆန်းစုကြည်အား တူရကီနိုင်ငံကို ဖိတ်ခေါ်ပါကြောင်း၊ တူရကီ လေကြောင်းလိုင်းကို မြန်မာပြည်သို့ စတင် ပျံသန်းလိုကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများ၏ ယခု မိုးရာသီအတွင်း ကြုံတွေ့နိုင် သည့် အခက်အခဲများ လိုအပ်ချက်များကို တူရကီနိုင်ငံက ကူညီမည်ဖြစ်ကြောင်း၊ ထိုသို့ကူညီရာတွင် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရတို့က တင်ပြ တောင်းဆို လာသည့် လိုအပ်ချက်များကိုသာ တူရကီနိုင်ငံ TIKA အဖွဲ့နှင့်အတူ ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ဖြည့်စွက် ပြောကြားခဲ့သည်။
၎င်း၏ နှစ်ရက်တာ (ဇွန်လ ၁၃ ရက် နှင့် ၁၄ ရက်) မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့်လည်း တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်သို့ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်မှ ဆက်လက် ထွက်ခွာသွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.