Connect with us

Education & Health

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ် အတွင်း ရောဂါ ဖြစ်ပွားမှု အခြေအနေ ထိန်းချုပ် နိုင်ခဲ့ပြီ ဟုဆို

နန်းယွန်းမြို့နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၊ နန်းယွန်းမြို့နယ် ၊ ဒုံဟီးမြို့ လန်းပန်း ကျေးရွာနှင့် ရှန်ဟဲပေါ်ကွန် ကျေးရွာတို့တွင် ရောဂါ ဖြစ်ပွားမှု အခြေအနေမှာ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ နောက်ဆုံး သတင်းထုတ်ပြန်ချက်အရ သတင်းရရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ရှန်ဟဲနုတ်ညိုကျေးရွာ အုပ်စု လန်းပန်းကျေးရွာတွင် ရောဂါကြောင့် သြဂုတ် ၂၅ ရက် တွင် မောင်ယန်းတော့ အသက် ၁ဝ နှစ် ၊ သြဂုတ် ၂၆ ရက်တွင် မနော်နဲ အသက် ၃ နှစ် ၊ သြဂုတ် ၂၈ ရက်တွင် မတောနော အသက် ၂၈ နှစ် ၊ စက်တင်ဘာ ၂ ရက်တွင် မမီယော အသက် ၁ နှစ် ၄ လ နှင့် ရှန်ဟဲပေါ်ကွန် ကျေးရွာမှ စက်တင်ဘာ ၇ ရက်တွင် မောင်ရွမ်းနောင် အသက် တစ်လ စုစုပေါင်း ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယခုအခါ ထပ်တိုး ဦးရေ မရှိကြောင်း ၊ သာမန်ဆေးခန်း လာရောက်ပြသ သူများအား ကျန်းမာရေးဆေးကု အဖွဲ့ က ဆက်လက် ကုသပေးလျက် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

နန်းယွန်းမြို့နယ် အတွင်း ဖြစ်ပွား ခဲ့သည့် ရောဂါဖြစ်ပွားမှုအခြေ အနေနှင့်ပတ်သက်၍ သြဂုတ် ၂ဝ ရက်တွင် ဟခွန်း နုတ်ညို ကျေးရွာအုပ်စု ဝမ်ရုတ်ကျေးရွာ၌ နှာရည်ယို၊ ချောင်းဆိုး၊ အော့အန်ဖျားနာခြင်း၊ မျက်စိနီခြင်း ဖြစ်ပွားလျက် ရှိကြောင်း သတင်းများ အရ ဒုံဟီး တိုက်နယ်ဆရာဝန် ဦးဆောင်သော အဖွဲ့သည် သြဂုတ် ၂၂ ရက်တွင် ဝမ်ရုတ်ကျေးရွာ အမကကျောင်းရှိ ကျောင်းသား ကျောင်းသူနှင့် ကျေးရွာ ပြည်သူ စုစုပေါင်း ၁၃၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသန္တာလင်း ဦးဆောင်သောအဖွဲ့ နှင့် နန်းယွန်းမြို့နယ် ဆရာဝန် ဒေါက်တာသန်းထွန်းဝင်း ဦးဆောင်သော အဖွဲ့တို့နှင့်ပူးပေါင်း၍ သြဂုတ် ၂၅ ရက်တွင် ရောဂါဖြစ်ပွားရာ ကျေးရွာတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ရောဂါအဖြေ သိရှိရေး ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါဖြစ်ပွားမှုအခြေ အနေမှာ ရိုးရိုးအအေးမိခြင်း၊ ကြက်ညှာ ချောင်းဆိုး ရောဂါဖြစ်သဖြင့် စိုးရိမ်ဖွယ်မတွေ့ရခြင်း၊ လူနာများ ရောဂါထပ်မံဖြစ်ပွားမှု မရှိခြင်း တို့ကြောင့် ရောဂါ ဖြစ်ပွားရာကျေးရွာမှ ဒေါက်တာသန်းထွန်းဝင်း ဦးဆောင်သောအဖွဲ့သည် သြဂုတ် ၂၇ ရက်တွင် နန်းယွန်းမြို့သို့ ပြန်လည်ထွက်ခွာလာပြီး မုံရွာသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

ရောဂါဖြစ်ပွားသည့် ဝမ်ရုတ်ကျေးရွာအနီး တစ်ဝိုက် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် တပ်မတော်ဆေးကုအဖွဲ့ ၂ဝ တို့သည် သြဂုတ် ၂၈ ရက်တွင် လည်းကောင်း၊ နေပြည်တော် မှ ဆေးမှူး ဗိုလ်မှူးပြည့်ဖြိုးအောင်ဦးဆောင် သောအဖွဲ့ ၁ဝ ဦးတို့သည် သြဂုတ် ၃ဝ ရက်တွင် လည်းကောင်း၊ ဒုံဟီးမြို့မှ ရောဂါဖြစ်ပွားရာ ကျေးရွာသို့ သွားရောက်၍ ဆေးကုသမှုပေးခဲ့ရာ စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

ထို့နောက် သြဂုတ် ၃ဝ ရက်တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်၊ နန်းယွန်း ပြည်သူ့ဆေးရုံမှ လက်ထောက် ဆရာဝန် ဒေါက်တာ ထွန်းထွန်းနိုင်နှင့်အဖွဲ့ဝင် နှစ်ဦး အပါအဝင် ရှန်ဟဲ ကျေးရွာအုပ်စု လန်းပန်းကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာပြည်သူများအား ကျန်းမာရေးစစ်ဆေး ဆေးကုသပေးရာ စုစုပေါင်းလူနာ ၆၄ ဦး ကုသပေးခဲ့ပြီး ရောဂါလက္ခဏာမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာချေခြင်း၊ အော့အန်ခြင်း များဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

ရောဂါဖြစ်ပွားရာ ကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်၊ ဒုံဟီး မြို့အုပ်ချုပ်ရေးမှူး ဦးစိုးမင်းနိုင်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးစိန်မြင့်(ကြီးကြပ်) အပါအဝင် ရှစ်ဦး သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး လျက်ရှိကြောင်း နှင့် ရောဂါဖြစ်ပွားခဲ့သော လန်းပန်းကျေးရွာ အတွက် ဆန်အိတ် ၃၈ အိတ်၊ ဟခွန်းနုတ်ညို ကျေးရွာအုပ်စုရှိ ဝမ်ရုတ်ကျေးရွာ အတွက် ဆန်အိတ် ၃ဝ အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့၏ သဘာဝဘေးအရန်ဆန်မှ ထောက်ပံ့ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.