Connect with us

Education & Health

နေပြည်တော်၌ အခြေခံ စားကုန်ဆိုင်များ ဝယ်ယူခွင့်ရရေး စိုးရိမ်စရာမရှိဟု ဒုတိယမြို့တော်ဝန်ပြောကြား

နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက သတင်းမီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

နေပြည်တော်တွင် COVID-19 ကြိုတင် ကာကွယ်ရေးအတွက် ယနေ့ ဧပြီ ၆ ရက် မွန်းလွဲပိုင်းအထိ ဈေးကြီးများပိတ်ရန် ညွန်ကြားချက်မထွက်ရှိသေးကြောင်း၊ ဆိုင်အများစုက မိမိတို့ ဆန္ဒအရ ပိတ်သိမ်းခဲ့ပါက နေပြည်တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် အခြေခံ စားကုန်ဆိုင်များ ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း နေပြည်တော် ဒုတိယ မြို့တော်ဝန်  ဦးရဲမင်းဦးက မီဒီယာများအား ယနေ့ ပြောကြားခဲ့သည်။

“စည်ပင်သာယာက လိုအပ်ရင် ဆန်ဆိုင်ဖွင့်ရင်လည်း ဖွင့်ရမှာပေါ့၊ ဈေးက ဖွင့်သင့်ရင်လည်း ဖွင့်ရမှာပေါ့၊ ဒါတော့ ကျွန်တော် မပြတ်လတ်အောင် ဆောင်ရွက်ပေးရမှာပေါ့၊ လက်ရှိ စည်ပင်သာယာအောက်မှာ ကိုယ်ပိုင်စိုက်ခင်းတွေလည်းရှိတယ်၊ သားသတ်ရုံတွေအားလုံးကလည်း စည်ပင် သာယာရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိတယ်၊ ကျွန်တော်တို့ အချိန်မရွေး သားသတ်ရုံတွေမှာ လုံလောက်တဲ့ အသား ရအောင် ထုတ်လုပ်လို့ရပါတယ်၊ ဒါ စည်ပင်သာယာရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိတာဖြစ်ပါတယ်။ ဒါကြောင့် ဈေးတွေမှာ လူတွေအတွက် အခြေခံလိုအပ်တာတွေ မရတော့ဘူးဆိုရင်တော့ စည်ပင်သာယာက တာဝန်ရှိတယ်။ ကျွန်တော်တို့ လုပ်ပေးမှာပေါ့”ဟု ၎င်းက ပြောခဲ့သည်။

ဈေးကြီးများ ပိတ်ခြင်း၊ မပိတ်ခြင်းသည် COVID-19 ၏ ပြည်တွင်း ကူးစက်မှုနှုန်း၊ ဒေသတွင်း ကူးစက်မှု နှုန်းများအပေါ် မူတည်ကြည့်ရှုရမည်ဟုလည်း ဒုတိယ မြို့တော်ဝန်က ပြောခဲ့သည်။ “အထူးသဖြင့် ရန်ကုန်တို့၊ မန္တလေးတို့မှာ အချင်းချင်းကူးစက်မှု သံသယရှိသူတွေရှိတယ်၊ နိုင်ငံခြားက ပြန်လာသူတွေ မဟုတ်တော့ဘဲ နိုင်ငံခြားက ပြန်လာသူက တစ်ဆင့်ကူးတဲ့လူတွေရှိတယ်၊ နောက်တစ်ခါ ဘယ် သူ့ဆီက ကူးလိုက်မှန်းမသိတဲ့လူတွေလည်းရှိတာတွေ့ရတယ်။ အဲ့ဒီလို ရှိတော့ သူတို့က လိုအပ်တဲ့ စီစဉ်မှုတွေ လုပ်ရတယ်။ ကျွန်တော်တို့ နေပြည်တော်လည်း အဲ့ဒီအတိုင်းပဲ”ဟု  ပြောသည်။ 

 နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အစားအသောက်၊ သားငါး၊ ဆေးဝါး၊ ဆန်အစရှိ သော ဆိုင်များကို အနီးကပ်စောင့်ကြည့်နေပြီး ၎င်းတို့အနက် ဆိုင်အများစုသည် ပိတ်မည်ဆိုပါက ပြန်လည်ဖွင့် လှစ်ရန် ညှိနှိုင်းမည်ဖြစ်ကြောင်း၊ ညှိနှိုင်း၍ မရပါက နေပြည်တော် စည်ပင်သာယာရေးကော်မတီက ဆိုင်ဖွင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆိုင်ဖွင့်ရောင်းချရန်အတွက် ဈေးများတွင် စည်ပင်ပိုင်ဆိုင်ခန်းများရှိသကဲ့သို့ စည်ပင်ပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ စည်ပင်ပိုင် သားသတ်ရုံများမှ လုံလောက်သော အသား၊ အသီးအရွက်၊ ဆန် အစရှိ သဖြင့် ရောင်းချပေးသွားမည်ဟုဆိုသည်။ 

လက်ရှိ နေပြည်တော်တွင် ဆွစ်ဇာလန်နိုင်ငံမှ လာရောက်သူ အမျိုးသမီးတစ်ဦးတွင်သာ ရောဂါပိုးတွေ့ရှိ ထားပြီး စနစ်တကျနေထိုင်ကာ Quarantine လုပ်ထားသဖြင့် ၎င်းထံမှ တဆင့်ပြန်လည်ကူး စက်သူမရှိသေးကြောင်း၊ ယခုရက်ပိုင်း စစ်ဆေးမှုများအရ အဆိုပါ ဆွစ်ဇာလန်နိုင်ငံသူမှာ Negative ဖြစ်နေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်အရ စောင့်ကြည့်နေခြင်းသာဖြစ်ကြောင်း သိရသည်။

 ထို့ကြောင့် နေပြည်တော်၏ လက်ရှိ အခြေအနေအရ ဈေးများပိတ်ရလောက်သည့် အခြေအနေကို မရောက်ရှိသေးဘဲ ပြည်တွင်းကူးစက်မှု၊ ဒေသတွင်း ကူးစက်မှုအခြေအနေပေါ်မူတည်ပြီးမှသာ ဈေးပိတ်ရန် စဉ်းစားရမည်ဟု ၎င်းက ဆိုသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.