Connect with us

Education & Health

ကော်ဖီနှစ်မျိုး နှင့် Candy တစ်မျိုးအား သောက်သုံးရန်မသင့်ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ထုတ်ပြန် 

သောက်သုံးရန်မသင့်သောကော်ဖီထုပ်အားတွေ့ရစဉ် (ဓာတ်ပုံ--FDA)

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) 

ကော်ဖီဆိုင်တစ်ချို့ နှင့် အွန်လိုင်းတွင် Health Product အဖြစ် ရောင်းချနေသော Kopi Jantan Ali Macca Coffee၊ ၊  Kopi Panggung Al-Ambiak Natural Herbs Coffee နှင့် Berry Jaga Chewable Candy တို့ ကို စစ်ဆေးခဲ့ရာတွင် အနောက်တိုင်းဆေးဝါးများရောနှောပါဝင်နေသဖြင့် သောက်သုံးရန်မသင့်ကြောင်း၊ အဆိုပါကော်ဖီ နှင့် ကန်ဒီများ ကို အွန်လိုင်းတွင် ရောင်းချခြင်းများရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန က ဧပြီ ၆ ရက်တွင် အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။

Kopi Jantan Ali Macca Coffee တွင် Sildenafil ပါဝင်နေခြင်း၊ Kopi Panggung Al-Ambiak Natural Herbs Coffee တွင် Desmethyl carbodenafil ပါဝင်နေခြင်း၊ Berry Jaga Chewable Candy တွင် Tadalafil ပါဝင်နေသည် ကို တွေ့ရှိရကြောင်း ကြေညာချက်ထဲတွင်ပါရှိသည်။

အဆိုပါကော်ဖီ နှင့် Candy တို့တွင် ထည့်သွင်းဖော်ပြထားသော ဆေးဝါးများသည် ဆရာဝန်ညွှန်ကြားချက်ဖြင့် သာ သုံးစွဲရသည့် ဆေးဝါးများဖြစ်ပြီး ကော်ဖီ နှင့် Candy ထဲတွင် ပါဝင်သည့် ဆေးပမာဏကို မသိရှိနိုင်ခြင်းကြောင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်သော လေဖြတ်ခြင်း၊ နှလုံးအမောဖောက်ခြင်း(Heart Attack) ၊ သွေးပေါင်ကျခြင်း တို့ ဖြစ်နိုင်ခြေများကြောင်း သိရသည်။ 

အထူးသဖြင့် နှလုံးရောဂါအတွက် သောက်ရသော (Nitrates) ဆေးဝါး သုံးစွဲနေရသူများ သောက်သုံးမိပါက အသက်အန္တရာယ်စိုးရိမ်ရသော သွေးပေါင်ကျခြင်းကြောင့် သေဆုံးသည်အထိဖြစ်နိုင်ကြောင်း အသိပေးကြေညာချက်ထဲတွင် ဖော်ပြထားသည်။အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက်ထောက်လှမ်းခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)